တောင်ကြီး ၂၈ ဧပြီ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ကံသာရပ်ကွက်ရှိ ဒေါ်နန်းခမ်းရွှေနေအိမ် (မြင်းဖြူနှစ်ကောင် တိုင်းရင်းဆေးတိုက်) တွင် ယနေ့ နံနက် ၇ နာရီ ၄၅ မိနစ်က လေးလောင်ပြိုင် လူသတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကျောင်းကြီးစုရပ်ကွက်နေ မနန်းပြည့်ပြည့် (၁၉)နှစ်၊ (ဘ) ဦးခွန်မြအောင်သည် ဒေါ်နန်းခမ်းရွှေနေအိမ် (မြင်းဖြူနှစ်ကောင် တိုင်းရင်းဆေးတိုက်)သို့ အလုပ်လုပ်ရန် ရောက်ရှိလာစဉ် နေအိမ်အောက်ထပ်၌ အမျိုးသားတစ်ဦး သေဆုံးနေသည်ကို တွေ့ရှိ၍ ပတ်ဝန်းကျင်မှတစ်ဆင့် သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့သဖြင့် ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး တင်ဇော်ထွန်းနှင့် တာဝန်ရှိသူများက သက်သေများနှင့်အတူ လာရောက်စစ်ဆေးခဲ့ရာ ဒဏ်ရာများဖြင့် လေးလောင်းပြိုင် သေဆုံးနေကြောင်း တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
သေဆုံးသူများဖြစ်သည့် စိုင်းဆေမွန်း (၂၇)နှစ် (ဘ)ဦးလှပေါ် ၊ နန်းခမ်းလှိုင် (၂၃)နှစ် (ဘ) ဦးစိုင်းစံရွက်ခေး၊ မောင်ဖဖ (၇)လ (ဘ) ဦးစိုင်းဆေမွန်းနှင့် မအေးမိုး (၁၇)နှစ် (ဘ) စိစစ်ဆဲတို့မှာ ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း တွေ့ရှိရပြီး အဆိုပါ အလောင်းများအား အနာဂတ်နာရေးကူညီမှုအသင်းမှ နိဗ္ဗာန်ယာဉ်ဖြင့် စဝ်စံထွန်း ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ တောင်ကြီးမြို့မရဲစခန်းမှ ဒုရဲမှူး အောင်နိုင်ဝင်းမှ တရားလိုပြုလုပ်၍ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိပြီး တရားခံ ဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မောင်မောင်သန်း (တောင်ကြီး)