တောင်ကြီး  အောက်တိုဘာ   ၂၃

ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် အာရှဘောလုံး အဖွဲ့ချုပ်နှင့် ရှမ်းပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် AFC Futsal Level 1 Coaching Certificate Course (ဖူဆယ်နည်းပြဆရာ သင်တန်း) ကို  ယနေ့ နံနက် ၁၀ နာရီက တောင်ကြီးမြို့ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်၀န်ကြီးချုပ် ဒေါက်တာကျော်ထွန်း တက်ရောက်ခဲ့သည်။

 

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် သင်တန်းဆရာ၊ သင်တန်းသားများက  တစ်ဦးချင်း မိတ်ဆက်ကြပြီးပြည်နယ် ၀န်ကြီးချုပ် ဒေါက်တာကျော်ထွန်းက အမှာစကားပြောကြားရာ တစ်မျိုးသားလုံး ကျန်းမာကြံခိုင်ရေးနှင့် ပညာရည်မြင့်မားရေးကို လူမှုရေးဦးတည်ချက်ထားရှိ ဖော်ဆောင်လျက်ရှိပြီး ကျန်းမာ ကြံ့ခိုင်ရေးအတွက်လည်း အားကစားကဏ္ဍဘက်စုံဖွံ့ဖြိုး တိုးတက်စေရန်အတွက် အားကစားမြင့်တင်ခြင်း သည် နိုင်ငံတော်တည်ဆောက်ခြင်းဖြစ်၍ ခံယူပြီး ကြိုးပမ်းဆောင်ရွက်နေကြသည်ကို အားလုံးသိရှိပြီး ဖြစ်ပါကြောင်း၊ ယနေ့ဖွင့်လှစ်သည့်သင်တန်းသည် အာရှဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံဘော်လုံးအဖွဲ့ချုပ်တို့ ပူးပေါင်းပြီး ၂၀၂၁ ခုနှစ် အောက်တိုဘာ ၂၃ ရက်မှ ၂၈ ရက်နေ့အထိ ၅ ရက်ကြာ ဖွင့်လှစ်မှာဖြစ်ပြီး ရှမ်းပြည်နယ်တွင် ပထမဆုံးအကြိမ်ဖွင့်လှစ်သည့် သင်တန်းဖြစ်ပါကြောင်း၊ သင်တန်းကို မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်မှ သင်တန်းသားများ အပါအ၀င် ရှမ်းပြည်နယ်အတွင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသ/ခရိုင်နှင့် မြို့နယ်များမှ သင်တန်းသား (၁၂) ဦး သင်တန်းသူ (၈) ဦး စုစုပေါင်း (၂၀) ဦး တက်ရောက်ကြပြီး နိုင်ငံတကာ အသိအမှတ်ပြုလိုင်စင်ရ ဖူဆယ်နည်းပြဆရာများ ပေါ်ထွက်လာစေရန် ပြောင်းလဲလာသည့် ဖူဆယ်နည်းဥပဒေ သစ်များကို ခေတ်နှင့်အညီ သိရှိနားလည်စေရန်အတွက် ထိုင်းနိုင်ငံမှ နည်းပြဆရာ မစ္စတာဘန်လတ်ချာရာ၀န် (Mr Bunlert Charoenwong)က သင်တန်းလာရောက်ပို့ချခြင်း ဖြစ်ပါကြောင်း ၊ ရှမ်းပြည်နယ်တွင် ပထမဆုံး အကြိမ် ဖွင့်လှစ်သည့် သင်တန်းဖြစ်သည့်အတွက် နိုင်ငံခြားနည်းပြဆရာကိုယ်တိုင် လာရောက်သင်ကြားသော သင်တန်းဖြစ်၍ စိတ်၀င်တစားဖြင့် စာတွေ့လက်တွေ့ သင်ကြား ပြသမှုများကို ကြိုးစားသင်ယူကြပြီး ကိုဗစ် ၁၉ စည်းကမ်းများနှင့် အညီနေထိုင်၍ သင်တန်းကိုပြီးဆုံးသည်အထိ တက်ရောက်ကြရန်ပြောကြားခဲ့ကြောင်း သိရသည်။

 

ဆက်လက်၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ ဖူဆယ်နှင့် သဲသောင်ပြင်ဘော လုံးကော်မတီဥက္ကဋ္ဌ ဒေါက်တာ ရဲမွန်ထွဋ်၊ အာရှဘောလုံးအဖွဲ့ချုပ်မှသင် တန်းနည်းပြဆရာ မစ္စတာဘန်လတ်ချာရာဝန်တို့က အသီးသီး နှုတ်ဆက်အမှာစကား ပြောကြားခဲ့သည်။

မောင်မောင်သန်း(တောင်ကြီး)