တောင်ကြီး ဧပြီ ၂၆
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကောင်းမွန်သော စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုစနစ်၊ သဘာဝပတ်ဝန်းကျင်ထိခိုက်စေမှု အလားအလာများကို လျှော့ချပေးနိုင်စေရန်နှင့် ကျေးရွာလူထုအခြေပြု စွန့်ပစ်အမှိုက်စီမံခန့်ခွဲရေးစနစ်ကို ကျင့်သုံးဆောင်ရွက်ခြင်းဖြင့် ကောင်းမွန်သော သဘာဝပတ်ဝန်းကျင် ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ တောင်လေးလုံးကျေးရွာအုပ်စု၊ ကျောက်တဲကျေးရွာ၌ စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုစနစ်ကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် တောင်ကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်နိုင်ဝင်းနှင့် ဝန်ထမ်းများက ကျေးရွာစွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုစနစ် ဆောင်ရွက်ပေးရခြင်း၏ ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့ကြပြီး ကျေးရွာသူ ကျေးရွာသားများနှင့်အတူ ခြုံနွယ်ပိတ်ပေါင်းများအား ရှင်းလင်းခုတ်ထွင်ခြင်း၊ အမှိုက်ကောက်ခြင်းများအား ဆောင်ရွက်ခဲ့ကြပြီး အမှိုက်စွန့်ပစ်သည့်နေရာတွင် စနစ်တကျစွန့်ပစ်ခဲ့ကြသည်။
“ကျေးလက်နေပြည်သူများ ကျန်းမာသန့်ရှင်းရေးအတွက် အညစ်အကြေးနဲ့ အမှိုက်များကို စနစ်တကျ စွန့်ပစ်တတ်စေဖို့၊ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ရပ်ရွာသန့်ရှင်းသာယာပြီး ကျေးလက်နေပြည်သူတွေရဲ့ လူနေမှုအဆင့်အတန်း မြင့်မားလာစေဖို့နဲ့ ကိုယ့်အားကိုယ်ကိုးစနစ်များ ပိုမိုအားကောင်းလာစေဖို့ ရည်ရွယ်ပြီး ဆောင်ရွက်ခြင်းဖြစ်ပါတယ်၊ တောင်ကြီးမြို့နယ်အတွင်း စွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုစနစ်ကို ကျောက်တဲကျေးရွာအပါအဝင် ကျေးရွာပေါင်း ၁၈ ရွာ၌ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါတယ်” ဟု မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်နိုင်ဝင်းက ပြောသည်။
ငြိမ်းသူ


