တောင်ကြီး ဒီဇင်ဘာလ ၈
သမဝါယမနှင့် ကျေးလက်ဖွံ့ ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၄- ၂၀၂၅ ခု ဘဏ္ဍာရေးနှစ် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် မိုင်းသော်အနောက်ကျေးရွာအုပ်စု၊ သိမ်ကုန်း-ပန့်ပုံးလမ်းအား မြေသားလမ်းမှ ကျောက်ချောလမ်းသို့ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း) ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး (မြို့ပြ) ဦးမျိုးမင်းသန့်နှင့် တောင်ကြီးခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ( မြို့ပြ ) ဦးဟန်ကိုကိုစိုး တို့သည် သိမ်ကုန်း-ပန့်ပုံး လမ်းအရှည် ၅ ဒဿမ ၃၅၅ ဖာလုံ၊ အကျယ် ၁၆ပေ ၊ ထု ၆ လက်မရှိ ကျောက်ချာလမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှူ့စစ်ဆေးပြီး တောင်ကြီးမြို့နယ် တာဝန်ခံအင်ဂျင်နီယာ အငယ်တန်းအင်ဂျင်နီယာ (၂) ( မြို့ပြ ) ဒေါ်ခိုင်ဇာလွင်တို့မှ လုပ်ငန်းဆောင်ရွက်နေမှုများအားရှင်းလင်းတင်ပြခဲ့သည်။
ထိုနောက် ညွှန်ကြားရေးမှူး(မြို့ပြ ) ဦးမျိုးမင်းသန့် က လုပ်ငန်းများကို သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး၊ သတ်မှတ်ထားသော လမ်းဒီဇိုင်းများ၏ စံချိန်စံညွှန်းများအတိုင်း အရည်အသွေး ပြည့်ဝစေရေးတို့အတွက် အလေးအနက်ထားဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။
အဆိုပါ သိမ်ကုန်း-ပန့်ပုံးလမ်းအား မြေလမ်းမှ ကျောက်ချောလမ်းသို့ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်နယ်ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် ၈၂ ဒဿမ ၀၇၇ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ လုပ်ငန်းများအားလုံး၏ (၈၀) ရာခိုင်နှုန်းခန့် ဆောင်ရွက် ပြီးစီးနေပြီဖြစ်ပြီး ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပါက ကျေးရွာ (၄) ရွာရှိ အကျိုးပြု အိမ်ခြေ (၁၀၀၃) အိမ်၊ လူဦးရေ (၄၀၁၂) ဦးတို့၏ စိုက်ပျိုးမြေဧက (၅၃၂၀) ကို အကျိုးပြုမည်ဖြစ်ကြောင်း ရှမ်းပြည်နယ် (တောင်ပိုင်း) ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး (မြို့ပြ) ဦးမျိုးမင်းသန့်ထံ မှသိရှိရသည်။
မောင်ခိုင်


