တောင်ကြီး ဧပြီ ၉
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင် ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေများ ဆဌမအကြိမ်မြောက် ထုတ်ချေးခြင်း အခမ်းအနားကို ဧပြီ ၉ ရက် နံနက်ပိုင်းတွင် နမ့်ပါတက်ကျေးရွာ၌ တာဝန်ရှိသူများက ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ပထမဦးစွာ တောင်ကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်နိုင်ဝင်းက နမ့်ပါတက်ကျေးရွာနှင့် ရေပုတ်ကျေးရွာတို့ရှိ ရပ်မိရပ်ဖများ၊ အသင်းသူ၊ အသင်းသားများနှင့်တွေ့ဆုံပြီး မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေများ ထုတ်ချေးရခြင်း၏ ရည်ရွယ်ချက်များနှင့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ တောင်ကြီးမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သက်ဆိုင်ရာ ဝန်ထမ်းများက မြစိမ်းရောင်ကျေးရွာစီမံကိန်းအကြောင်းအရာများ၊ အတိုးနှုန်းနှင့် ကာလသတ်မှတ်ချက်များ၊ ချေးငွေထုတ်ချေးရာတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်ဦးစီးမှူးက နမ့်ပါတက်ကျေးရွာနှင့် ရေပုတ်ကျေးရွာရှိ မြစိမ်းရောင်ကျေးရွာ စီမံကိန်းလုပ်ငန်း အဖွဲ့ဝင်များထံသို့ အရင်းမပျောက်လည်ပတ်ရန်ပုံငွေများအား လွှဲပြောင်းပေးအပ်ခဲ့သည်။
ထိုနောက် မြို့နယ်ဦးစီးမှူးနှင့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက နမ့်ပါတက်ကျေးရွာတွင် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်မည့်သူ စုစုပေါင်း အသင်းသူ၊ အသင်းသားဦးရေ (၇၀) ကို ရန်ပုံငွေကျပ်(၄၇ ဒသမ ၂)သန်းကို လည်းကောင်း၊ ရေပုတ်ကျေးရွာတွင် စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းနှင့် အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ စုစုပေါင်းအသင်းသူ၊ အသင်းသား(၁၄၂)ဦး အား ရန်ပုံငွေ ကျပ်(၄၈ ဒသမ ၅၅)သန်းကိုလည်းကောင်း အတိုးနှုန်းသက်သာစွာဖြင့် ဆဌမအကြိမ်မြောက် အသီးသီးထုတ်ချေးပေးခဲ့ကြောင်း တောင်ကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်နိုင်ဝင်းထံမှ သိရသည်။
မောင်ခိုင်