တောင်ကြီး ၂၂ မေ
ရှမ်းပြည်နယ် ပြည်သူလူထုစား စားနပ်ရိက္ခာထောက်ပံ့ရေး ကော်မတီအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း အခြေခံပြည်သူများအား ထောက်ပံ့ပေးနိုင်ရန် စီမံဆောင်ရွက်ထားသည့် အရန်ရိက္ခာ၊ ဆန်၊ ဆီ၊ ဆား ကုလားပဲများအား မေ ၂၁ ရက်နေ့မှ စတင်ဖြန့်ဝေလျက်ရှိရာ မေ ၂၂ ရက်နေ့ နံနက် (၈) နာရီအချိန်တွင် တောင်ကြီးမြို့ရှိ ရပ်ကွက် (၃)ရပ်ကွက်မှ အခြေခံပြည်သူလူထုများအား လက်ဝယ်အရောက်ဖြန့်ဝေလှူဒါန်းပေးအပ်ကြောင်း သိရသည်။
ယင်းသို့ ဖြန့်ဝေလှူဒါန်းရာသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေး ဝန်ကြီး ဦးစိုင်းစွံဆိုင်း၊ ကမ္ဘောဇဘဏ်လီမိတက် နာယကနှင့် အရာထမ်းဝန်ထမ်းများ၊ ရှမ်းပြည်နယ် ပြည်သူလူထုစားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီဝင်များ၊ ပရဟိတအဖွဲ့ဝင်များ တက်ရောက်၍တောင်ကြီးမြို့၊ ချမ်းမြသာစည်ရပ်ကွက်၊ ရတနာသီရိရပ်ကွက်နှင့် ညောင်ရွှေဟော်ကုန်းရပ်ကွက်၊ ရပ်ကွက်(၃)ခုရှိ အခြေခံပြည်သူ အိမ်ထောင်စု (၇၅၂)စုတို့အား ဆန်၊ ဆီ၊ ဆား၊ ကုလားပဲများ ပါဝင်သည့် ရိက္ခာထုပ်ပေါင်း (၁၀၁၅) ထုပ်အားအခြေခံပြည်သူများလက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခထောက် ပံ့ရေးကော်မတီသည် ကမ္ဘောဇဘဏ်လီမိတက်၏ မတည်လှူဒါန်းငွသိန်း(၅၀ဝ၀)ကျော်နှင့်အများပြည်သူလှူဒါန်း ငွေများဖြင့်ရှမ်းပြည်နယ်အတွင်း နေထိုင်သည့် တိုင်းရင်းသားမျိုးစုများ နေထိုင်ရာဒေသများသို့ လည်းကောင်း၊ စစ်ဘေးရှောင်စခန်းများအား လည်းကောင်း၊ သာသနာရေး ဆိုင်ရာကျောင်းများနှင့် ပရဟိတကျောင်းများအား လည်းကောင်း၊ စားနပ်ရိက္ခာထုပ်များဆက်လက်လှူဒါန်း သွားရန်စီမံဆောင်ရွက်လျက်ရှိပြီး တိုင်းနှင့်ပြည်နယ် အသီးသီးရှိ တိုက်နယ်ဆေးရုံများ၊ ကျေးလက်ကျန်းမာရေးဌာနများ နှင့် မြန်မာနိုင်ငံအတွင်း ပြန်လည်ဝင်ရောက်လာသည့် ပြည်သူများအား စောင့်ကြည့်စင်တာများအတွက် လိုအပ်သည့် ကျန်းမာရေး အထောက် အကူပြုပစ္စည်းများကိုလည်း နေရာအရောက် အဆက်မပြတ်ပေးပို့လှူဒါန်းလျက်ရှိကြောင်း ယင်းကော်မတီမှ သိရသည်။
စိုးညွန့်ရွှေ(ပြန်/ဆက်)


