တောင်ကြီး ၂၃  မေ

 

ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ မြို့ပေါ်ရပ်ကွက်များမှ အခြေခံပြည်သူများအား  ဆန်၊ဆီ၊ဆားနှင့် ကုလားပဲ စားနပ်ရိက္ခာများ၊ ဟင်းသီးဟင်းရွက်ပျိုးပင်များနှင့် မျိုးစေ့များကို ညောင်ဖြူစခန်းရပ်ကွက်၌ ယနေ့ နံနက်ပိုင်းက ပေးအပ်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ပေးအပ်လှူဒါန်းရာသို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ပြည်နယ်ဝန်ကြီးများ၊ ကမ္ဘောဇဘဏ်လိမိတက်၊ နာယက ဦးအောင်ကိုဝင်းနှင့် ဘဏ်အရာထမ်း၊ အမှုထမ်းများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာ ထောက်ပံ့ရေး ကော်မတီအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ ပရဟိတ အဖွဲ့များက တောင်ကြီးမြို့၊ ညောင်ဖြူစခန်ရပ်ကွက်နှင့် စဝ်စဝ်စံထွန်းရပ်ကွက် (၂)ရပ်ကွက်ရှိ အခြေခံပြည်သူ အိမ်ထောင်စု (၁၁၂၇)စုတို့အား ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း အခြေခံ ပြည်သူများအား ထောက်ပံ့ပေးနိုင်ရန် စီမံဆောင်ရွက်ထားသည့် အရန်ရိက္ခာထုတ် တစ်သိန်းမှ ဆန်၊ ဆီ၊ ဆား၊ ကုလားပဲများ ပါဝင်သည့် ရိက္ခာထုပ်ပေါင်း (၁၄၅၃)ထုပ်အားလည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာနမှ အခြေခံပြည်သူများအတွက် Home Garden အဖြစ် ဖြန့်ဝေပေးရန် စီစဉ်ဆောင်ရွက်ထားသည့် ဟင်းသီးဟင်းရွက်ပျိုးပင်များနှင့် မျိုးစေ့များအား ပြည်သူများ လက်ဝယ်အရောက် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကြီးမြို့ပေါ်ရှိ ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးနှင့် ပြည်နယ်သံဃာ့ ဝန်ဆောင်ဆရာတော်ကြီး (၆)ပါးသီတင်းသုံး နေထိုင် သည့် ကျောင်းတိုက် (၆)တိုက်ရှိ ရဟန်းသံဃာများအတွက် ဆန်အိတ် ၅၀၊ ဆီပိဿာ (၁၅၀)၊ အာလူး(၅)အိတ်၊ ကုလားပဲ (၅)အိတ်တို့အား အဆိုပါ ဆရာတော်ဘုရားကြီးများ သီတင်းသုံးရာ ကျောင်းတိုက်အသီးသီးသို့ သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

 

ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခထောက် ပံ့ရေးကော်မတီသည် ကမ္ဘောဇဘဏ်လီမိတက် ၏ မတည်လှူဒါန်းငွေ သိန်း(၅၀ဝ၀)ကျော်နှင့် အများပြည်သူ လှူဒါန်းငွေများဖြင့် ရှမ်းပြည်နယ် အတွင်း နေထိုင်သည့် တိုင်းရင်းသားမျိုးစုများနေထိုင်ရာဒေသများသို့လည်းကောင်း၊ စစ်ဘေးရှောင်စခန်းများအား လည်းကောင်း၊ သာသနာရေး ဆိုင်ရာကျောင်းများနှင့် ပရဟိတကျောင်းများအားလည်းကောင်း ၊ စားနပ်ရိက္ခာထုပ်များ ဆက်လက်လှူဒါန်းသွားရန် စီမံဆောင်ရွက်လျက်ရှိပြီး တိုင်းနှင့် ပြည်နယ်အသီးသီးရှိ တိုက်နယ်ဆေးရုံများ၊ ကျေးလက်ကျန်းမာရေးဌာနများနှင့် မြန်မာနိုင်ငံအတွင်း ပြန်လည် ဝင်ရောက်လာသည့် ပြည်သူများအား စောင့်ကြည့်စစင်တာ များအတွက် လိုအပ်သည့် ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများကိုလည်း နေရာအရောက် အဆက်မပြတ် ပေးပို့လှူဒါန်းလျက်ရှိကြောင်း ယင်းကော်မတီမှ သိရသည်။

 

 

စိုးညွန့်ရွှေ(ပြည်နယ်ပြန်/ဆက်)