နေပြည်တော် မေ ၉

တပ်မတော်က ပြည်သူလူထု၏ ကျန်းမာရေးကဏ္ဍ တိုးတက်မြင့်မားစေရန်အတွက် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို တစ်ဖက်တစ်လမ်းမှ ကူညီစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့များက ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ ချမ်းမြသာစည်ရပ်ကွက် ဓမ္မဝိဓူအုပ်ဖိုလူငယ်ဖွံ့ဖြိုးရေး ပရဟိတကျောင်းတိုက်တွင် အခြေပြု၍ သံဃာတော်များနှင့် ဒေသခံတိုင်းရင်း သားပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့များက သံဃာတော်အပါး ၃၀ နှင့် ဒေသခံပြည်သူ ၈၅ ဦးတို့ကို သွားနှင့်ခံတွင်းရောဂါ၊ သွေးတိုးရောဂါ၊ အရိုးအကြောရောဂါ၊ အရေပြားဆိုင်ရာရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ မျက်စိရောဂါ၊ ဖျားနာရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ ဆေးဝါးကုသခြင်း၊ Ultra Sound စက်ဖြင့်စမ်းသပ်ပေးခြင်း၊ ECG စက်ဖြင့် နှလုံး စမ်းသပ်ပေးခြင်းများ ဆောင်ရွက်ပေးသည်။

ဆက်ကပ်လှူဒါန်း

ယင်းသို့ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်နိုင်ဦးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ ကျောင်းတိုက် ဆရာတော်အား လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မ အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်