တောင်ကြီး ၁၃ နိုဝင်ဘာ
၂၀၁၉ ခုနှစ် တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ပိတ်ပွဲနှင့်ဆုချီးမြှင့်ပွဲကို နိုဝင်ဘာ ၁၂ ရက် ညနေ(၅)နာရီက တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက်ရှိ အဝေရာကုန်း သာယာမီးပုံးပျံကွင်း၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းရင်းသားရိုးရာအဖွဲ့များမှ တိုင်းရင်းသားအကများဖြင့် ကပြဖျော်ဖြေဧည့်ခံပြီး ဆုချီးမြှင့်ပွဲ ကျင်းပရာ တန်ဆောင်တိုင်ပွဲတော် စာပေပြိုင်ပွဲ (ဝတ္ထုတို) ပထမ၊ ဒုတိယ၊ တတိယ၊ နှစ်သိမ့်ဆုရရှိသူများ၊ စာပေပြိုင်ပွဲ (ဆောင်းပါး) ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများ၊ နှစ်သိမ့်ဆုရရှိသူများ၊ စာပေပြိုင်ပွဲ (ကဗျာ) ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများ၊ နှစ်သိမ့်ဆုရရှိသူများ၊ စာပေပြိုင်ပွဲ (ကာတွန်း) ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများ၊ နှစ်သိမ့်ဆု ရရှိသူများနှင့် မီးပုံးပျံပြိုင်ပွဲဆု ရရှိသူများအား ဆုချီးမြှင့်ရာ ညမီးကြီး စိန်နားပန် စတုတ္ထ၊ ပဉ္စမဂုဏ်ပြုဆုနှင့် နှစ်သိမ့်ဆုများ၊ နေ့လွှတ်ခြေ (၂)၊ ချောင်းခြေ (၄) ချောင်းအုပ်စု၊ မသိုးသင်္ကန်းရက်လုပ်ပြိုင်ပွဲ၊ မြို့လုံးကျွတ် မဟာဘုံကထိန်လှည့်လည်ပွဲ၊ မီးပဒေသာ လှည့်လည်ပူဇော်ပွဲနှင့် ဓာတ်ပုံပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထ၊ ပဉ္စမဆု ရရှိသူများနှင့် နှစ်သိမ့်ဆုရရှိသူများ၊ တန်ဆောင်တိုင်ပွဲဖွင့်ပွဲ၊ ပိတ်ပွဲသီချင်း ပြိုင်ပွဲပထမနှင့် နှစ်သိမ့်ဆုရရှိသူများကို ပြည်နယ်ဝန်ကြီးများ၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး၊ ပြည်နယ်အဆင့်တာဝန်ရှိသူများ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ဇနီး၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီးတို့က ဆုများ အသီးသီး ချီးမြှင့်ပေးခဲ့သည်။
ထို့အပြင် ညမီးကြီး ပထမဆုရရှိသော ရေအေးကွင်းရပ်ကွက်မှ တိမ်ယံမီးကို ငွေကျပ် (၇၅)သိန်း၊ ဒုတိယ ဆုရရှိသော မင်္ဂလာဦးရပ်ကွက်မှ ဓါတ်ခဲ (A) မီးကို ငွေကျပ်သိန်း (၆၀)၊ တတိယဆုရရှိသော မြို့မရပ်ကွက်မှသွေးသစ်မီးကို ငွေကျပ်သိန်း (၅၀) နှင့် စိန်နားပန် ပထမဆုရရှိသော အေးသာယာရပ်ကွက်မှ ရောင်စုံမီးကို ငွေကျပ် (၃၅) သိန်း၊ ဒုတိယဆုရရှိသော ရွှေတောင်ရပ်ကွက်မှ ဒိန်ချဉ်မီးကို ငွေကျပ် (၂၅) သိန်း၊ တတိယဆုရရှိသော ကံသာ ရပ်ကွက်မှ မော်ကြည့်မီးကို ငွေကျပ် (၂၃) သိန်းတို့ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဌ ဉီးစိုင်းလုံးဆိုင်းတို့က ဆုများအသီးသီးချီးမြှင့်ပေးကြသည်။
ဆက်လက်၍ ရှမ်းပြည်နယ် ယဉ်ကျေးမှုအဖွဲ့က ကိန္နရီ၊ ကိန္နရာအက လက်သိုင်းအကတို့ဖြင့် ဖျော်ဖြေပြီး တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့တို့က တန်ဆောင်တိုင် ပိတ်ပွဲသီချင်းဖြင့် ကပြဖျော်ဖြေကြကာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ၁၃၈၁ ခုနှစ် တောင်ကြီးတန်ဆောင်တိုင် ပွဲတော်အား ပိတ်သိမ်းကြောင်း ကြေငြာပြီး ပိတ်ပွဲအထိမ်းအမှတ် မီးရှူးမီးပန်းများ ပစ်ဖောက်ကာ ညမီးကြီး မီးပုံးပျံ (၁) လုံး၊ စိန်နားပန် မီးပုံးပျံ (၁) လုံးနှင့် မီကိုကော်ဖီမစ်ကုမ္ပဏီ မီးပုံးပျံငယ်အလုံး ၁၀၀၀ နှင့် နက်စ်ကော်ဖီမစ်ကုမ္ပဏီမှ မီးပုံးပျံငယ်အလုံး(၁၀၀၀) တို့ကို လွှတ်တင်ကြသည်။
အဆိုပါ ရှမ်းပြည်နယ် တောင်ကြီး တန်ဆောင်တိုင်ပွဲတော်တွင်မီးပုံးပျံ ဆုချီးမြှင့်ငွေ စုစုပေါင်း ၈၂၂၃၀၀၀၀ (ကျပ်ရှစ်ရာ နှစ်ဆယ်နှစ်သိန်းသုံးသောင်းတိတိ) နှင့် မီးပဒေသာလှည့်ပြိုင်ပွဲတွင် ချီးမြှင့်ငွေစုစုပေါင်းမှာ ကျပ်သိန်းတစ်ရာ တိတိ ဖြစ်ကြောင်းသိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)


