ဆိုးလ် ဒီဇင်ဘာ ၂၉

 

ခရီးသည် ၁၇၅ ဦးနှင့် အမှုထမ်း ခြောက်ဦး တင်ဆောင်လာသည့် တောင်ကိုရီးယား လေကြောင်းလိုင်း Jeju Air မှ ခရီးသည်တင်လေယာဉ် တစ်စင်းသည် တောင်ကိုရီးယားနိုင်ငံ အနောက်တောင်ပိုင်းရှိ မူအမ်းလေဆိပ်တွင် မီးလောင် ပေါက်ကွဲခဲ့ရာ ၁၇၇ ဦး သေဆုံး ကြောင်း တောင်ကိုရီးယားမီးသတ် အာဏာပိုင်များက ယနေ့ပြောကြားသည်။

 

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၉ ရက် နံနက်ပိုင်းတွင် အဆိုပါခရီးသည်တင်လေယာဉ်သည် ထိုင်းနိုင်ငံ ဗန်ကောက်မြို့မှ ပျံသန်းလာပြီး တောင်ကိုရီးယားနိုင်ငံ မူအမ်းလေယာဉ်ကွင်း ပြေးလမ်းသို့ ဆင်းသက်ချိန်တွင် ဘီးချမရသည့် အတွက် လေယာဉ်ကိုယ်ထည်နှင့် ရှပ်ပြီးဆင်းခဲ့သော်လည်း အရှိန်ထိန်းရန် ခက်ခဲခြင်းကြောင့် လေယာဉ်ကွင်း ခြံစည်းရိုးနှင့် ဝင်ရောက်တိုက်မိပြီး မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 

သေဆုံးသူများတွင် တောင် ကိုရီးယားနိုင်ငံသား ၁၇၃ ဦးနှင့် ထိုင်းနိုင်ငံသား နှစ်ဦးတို့ ပါဝင်သည်။ လေယာဉ်မီးလောင်မှုဖြစ်ပွားစဉ် မီးသတ်သမားများက မီးငြှိမ်းသတ်ရန် ကြိုးပမ်းခဲ့ပြီး ကယ်ဆယ်ရေး ဝန်ထမ်းများက အခင်းဖြစ်ရာနေရာသို့ ရောက်ရှိလာကာ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

Jeju Air လေကြောင်းလိုင်း၏ အမှုဆောင်အရာရှိချုပ် ကင်မ်အီဘေသည် လေယာဉ်ပျက်ကျမှု ဖြစ်စဉ်တွင် အသက်ဆုံးရှုံးခဲ့သည့် ခရီးသည်များနှင့် ကျန်ရစ်သူ မိသားစုများအတွက် ဝမ်းနည်းကြောင်းနှင့် တောင်းပန်ကြောင်း သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။ ထို့ပြင် မတော်တဆမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ၎င်းတွင် အပြည့်အဝ တာဝန်ရှိကြောင်း ကင်မ်အီဘေက ဆက်လက်ပြောသည်။

 

ယခုအချိန်တွင် လေယာဉ်ပျက်ကျရသည့် အကြောင်းရင်းကို ခန့်မှန်းရန် ခက်ခဲကြောင်းနှင့် လေကြောင်းလိုင်း ကုမ္ပဏီအနေဖြင့် အစိုးရ၏ စုံစမ်းစစ်ဆေးမှုမှ တွေ့ရှိချက်များကို စောင့်ဆိုင်းရန်လိုအပ်ကြောင်း ၎င်းက ပြောကြားသည်။

 

ခရီးသည်များ၏ မိသားစုဝင်များကို ထောက်ပံ့ငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း ကင်မ်အီ ဘေက ဆိုသည်။ လေကြောင်းလိုင်းသည် လေယာဉ်မတော်တဆမှု ဖြစ်ပွားရသည့် အကြောင်းရင်းကို အစိုးရနှင့် ပူးပေါင်း၍ အစွမ်းကုန် ကြိုးပမ်းလုပ်ဆောင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

 

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်