၂၃ ဒီဇင်ဘာ
တောင်ကိုရီးနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများ မြင့်မားလာသဖြင့် နိုင်ငံအတွင်းရှိ နှင်းလျှောစီး အပန်းဖြေစခန်းများနှင့် ခရီးသွားများအား ဆွဲဆောင်ထားသည့် အခြားသော နေရာများကို ခရစ္စမတ်နှင့် နှစ်သစ်ကူး အားလပ်ရက်များအတွင်း ပိတ်ထားမည် ဖြစ်ကြောင်း သိရသည်။
နိုင်ငံအတွင်းရှိ နေ့စဉ်ရောဂါ ကူးစက်မှုသည် ပြီးခဲ့သည့် လအစောပိုင်းက ကိုဗစ်-၁၉ ရောဂါကူးစက်သူဦးရေ ၁၀၀ အောက်ရှိရာမှ ပြီးခဲ့သည့် စနေနေ့က ကူးစက်ခံရသူ ၁၀၉၇ ဦး ဖြင့် ကူးစက်မှု စံချိန်တင်မြင့်မားလာခဲ့သည်။
ဝန်ကြီးချုပ် ချောင်ဆူက ယမန်နေ့က ထိုရောဂါကူးစက်မှုကို ထိန်းချုပ်ရန် ဒီဇင်ဘာ ၂၄ ရက်မှစတင်ကာ ဇန်နဝါရီ ၃ ရက်အထိ ကိုဗစ်-၁၉ ဆိုင်ရာ အထူးစီမံချက်များ ပြုလုပ်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
နှင်းလျှောစီး အပန်းဖြေစခန်း ၁၇၉ ခု၊ စကိတ်ကွင်းများ၊ အခြားနေရာများနှင့် အမျိုးသားဉယျာဉ်များ အပါအဝင် ပထမဆုံးနေထွက်ချိန်ကို စောင့်ကြည့်သည့် လူအများသွားရာ နေရာများကို ပိတ်ထားမည်ဟု ၎င်းက ဆိုသည်။
နိုင်ငံတစ်ဝန်း လူငါးဦးနှင့်အထက် သီးသန့်စုဝေးခြင်းကို ဒီဇင်ဘာ ၂၄ ရက်မှ စတင်ကာ ပိတ်ထားမည် ဖြစ်ကြောင်းကိုလည်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
နိုင်ငံအတွင်း မီးရထားဘူတာရုံများနှင့် သက်ကြီးဘိုးဘွားဂေဟာများ အပါအဝင် အမျိုးမျိုးသော နေရာများတွင် အုပ်စုလိုက်ကူးစက်မှုများ ဖြစ်ပွားခဲ့ကြောင်း မကြာသေးမီက ဖော်ပြခဲ့သည်။
ဆိုးလ်အကျဉ်းထောင် တစ်ခုတွင် အကျဉ်းသားများနှင့် ဝန်ထမ်းများအကြား ကူးစက်သူဦးရေ ၂၀၀ နီးပါးရှိသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို