ဆိုးလ် ဇန်နဝါရီ ၁၉
တောင်ကိုရီးယား နည်းပညာကုမ္ပဏီ ဆမ်ဆောင်းသည် ဉာဏ်ရည်တုနည်းပညာသုံး အချိန်နှင့်တစ်ပြေးညီ ဘာသာပြန်ဆိုနိုင်သည့် လုပ်ဆောင်ချက်များပါဝင်သော စမတ်ဖုန်းစီးရီးသစ်ကို ထုတ်ဖော်ပြသခဲ့ကြောင်း သိရသည်။
ဆမ်ဆောင်းသည် ၎င်း၏ GalaxyS24 ဖုန်းအမျိုးအစားသစ်ကို ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဂျို့စ်မြို့၌ ဇန်နဝါရီ ၁၇ ရက်တွင် ကျင်းပသော စမတ်ဖုန်းပြပွဲတစ်ခု၌ စတင်မိတ်ဆက်ခဲ့သည်။
အဆိုပါ GalaxyS24 ဖုန်းအမျိုးအစားသစ်တွင် ဂျပန်ဘာသာစကား အပါအဝင်ဘာသာစကား ၁၃ မျိုးကို ဖုန်းခေါ်ဆိုမှုများ ပြုလုပ်စဉ်အတွင်းနှင့် စာတိုပေးပို့မှုများတွင် ဘာသာပြန်ဆိုပြီး အချိန်နှင့်တစ်ပြေးညီ အသုံးပြုနိုင်သည်။
လက်ရှိတွင် တောင်ကိုရီးယားကုမ္ပဏီ SK Telecom သည် ၎င်း၏ အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းခေါ်ဆိုမှုများအတွင်း ဉာဏ်ရည်တု နည်းပညာသုံး ဘာသာပြန်ဝန်ဆောင်မှုကို ပြည်သူများအား ဝန်ဆောင် ပေးလျက်ရှိသည်။
သို့သော် ဆမ်ဆောင်း စမတ်ဖုန်းအသစ်များသည် ဘာသာပြန်အက်ပလီကေးရှင်းများကို အပိုထည့်သွင်းစရာ မလိုဘဲ အလိုအလျောက် ဘာသာပြန်မှုများကို ထည့်သွင်းထားကြောင်း သိရသည်။
နောက်ဆုံးထွက်စီးရီးများသည် ဉာဏ်ရည်တုနည်းပညာသုံး မိုဘိုင်းစက်ပစ္စည်းများ၏ ခေတ်သစ်သို့ ဦးတည်သွားလျက်ရှိကြောင်း စမတ်ဖုန်းပြပွဲ၌ ဆမ်ဆောင်းကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်