တိုကျို ၁ အောက်တိုဘာ

ဂျပန်ပင်လယ်အတွင်းရှိ တာကဲရှီမကျွန်းစုအပေါ်သို့ အောက်တိုဘာ ၁ ရက်တွင် တောင်ကိုရီးယားလေတပ်မှ အက်ဖ်-၁၅ အမျိုးအစား ဂျက်တိုက်လေယာဉ်တစ်စင်း ဖြတ်ကျော်ပျံသန်းခဲ့ကြောင်း၊ ယင်းသို့ ပျံသန်းခြင်းမှာ တောင်ကိုရီးယား တပ်မတော် တည်ထောင်သည့် အထိမ်းအမှတ်နေ့ အခမ်းအနား၏ တစ်စိတ် တစ်ဒေသဖြစ်ကြောင်း အင်န်အိတ်ချ်ကေသတင်းတွင် ဖော်ပြသည်။

ယင်းကျွန်းစုကို တောင်ကိုရီးယားနိုင်ငံက ထိန်းချုပ်ထားပြီး ဂျပန်နိုင်ငံကလည်း ပိုင်ဆိုင်သည်ဟု ပြောကြားထားသည်။

တောင်ကိုရီးယားတပ်မတော်၏ နှစ်ပတ်လည် အထိမ်းအမှတ် အခမ်းအနားကို နိုင်ငံတောင်ပိုင်းရှိ ဒေဂူးမြို့ရှိ လေတပ်အခြေစိုက်စခန်းတစ်ခု၌ အောက်တိုဘာ ၁ ရက်တွင် ကျင်းပခဲ့သည်။

ယင်းအခမ်းအနားတွင် အမေရိကန်ပြည်ထောင်စုမှ မကြာသေးမီက ရောက်ရှိလာသည့် အက်ဖ်-၃၅ ရေဒါကွင်းရှောင်နိုင်သည့် ခေတ်မီဂျက်တိုက် လေယာဉ်အား တောင်ကိုရီးယား စစ်ဘက်မှ ပထမဆုံးအကြိမ်အဖြစ် ထုတ်ဖော်ပြသခဲ့သည်။

အခမ်းအနားတွင် တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းက မိန့်ခွန်းပြောကြားရာ၌ တောင်ကိုရီးယားတပ်မတော်၏ လုံခြုံရေးထိန်းသိမ်းမှုက တွေ့ဆုံဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ထောက်ပံ့ပေးပြီး ထာဝရ ငြိမ်းချမ်းရေးကို ဦးတည်လျက် ရဲဝံ့စွာလျှောက်လှမ်းနိုင်စေကြောင်း ပြောကြားခဲ့ သည်။

ဂျပန်နိုင်ငံမြို့တော် တိုကျိုတွင် နိုင်ငံခြားရေးဝန်ကြီးဌာန အာရှဒေသနှင့် သမုဒ္ဒရာ ကျွန်းစုများဆိုင်ရာ ဗျူရိုညွှန်ကြားရေးမှူးချုပ် ရှီဂေကီတာကီက တောင်ကိုရီးယားသံရုံးမှ တာဝန်ရှိသူ ကင်ကျောင်ဟန်အား ဆင့်ခေါ်ကာ ယင်းသို့လေယာဉ်ပျံသန်းမှုကို ကန့်ကွက်ကြောင်း ပြောကြားခဲ့သည်။

ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-ဇော်ဝင်း