တောင်ကိုရီးယားကလပ် ပိုဟန်စတီးလာစ်အသင်း၏ ခြေစမ်းပွဲနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ ကျင်းပ

၂၇ မေ 

 

K-Leagueတွင် ယှဉ်ပြိုင်ကစားနေသည့် တောင်ကိုရီးယားကလပ် ပိုဟန်စတီးလာစ်အသင်း၏ ခြေစမ်းပွဲနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို ယနေ့မွန်းလွဲ ၂ နာရီက မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်အစည်းအဝေးခန်းမ၌ ကျင်းပရာ ပိုဟန်စတီးလာစ်အသင်း၊ မြန်မာ ယူ-၂၂ အသင်းနှင့် မြန်မာနေရှင်နယ်လိဂ်ကလပ် ဧရာဝတီအသင်းတို့မှ နည်းပြချုပ်များနှင့် ကစားသမားများ တက်ရောက်ခဲ့သည်။

 

တောင်ကိုရီးယားကလပ် ပိုဟန်စတီးလာစ်အသင်းနည်းပြ ချွဲဆွန်ဟိုက ''မြန်မာနိုင်ငံမှာ ခြေစမ်းပွဲ လာရောက်ကစားခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်။ ဒီခရီးစဉ်ကို စီစဉ်ပေးတဲ့ Myanmar Posco နဲ့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့က မေ ၂၉ ရက်မှာ K-League-1 ပြိုင်ပွဲ ယှဉ်ပြိုင်ဖို့ရှိပေမယ့် ဒီခရီးစဉ်ကလည်း အရင်ကတည်းက စီစဉ်ထားတာကြောင့် နှစ်ခုစလုံး အဆင်ပြေအောင် ပြင်ဆင်ထားပါတယ်။ နိုင်ငံခြားသားကစားသမားတွေတော့ ဒီခြေစမ်းပွဲတွေမှာ ပါဝင်မှာမဟုတ်ပါဘူး။ လူငယ်ကစားသမားတွေကို အဓိက ကစားစေမှာပါ။ ကျွန်တော်အနေနဲ့ ငယ်ငယ်ကတည်းက မြန်မာ့ဘောလုံးအကြောင်းကို သိထားတဲ့သူဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ် ၅၀ လောက်က အကြောင်းကို ပြန်ပြောရမယ်ဆိုရင် တောင်ကိုရီးယားအသင်း အာရှမှာ ကစားရတဲ့ခက်ခဲတဲ့အသင်းဆိုတာ မြန်မာအသင်းပဲ ရှိပါတယ်။ (ဦး) မောင်မောင်၊ (ဦး) အေးမောင် တို့ဆိုရင်ကျွန်တော်ကောင်းကောင်းသိပါတယ်။ ဒီလိုနိုင်ငံမျိုးမှာ လာရောက်ကစားခွင့်ရတာ ကျွန်တော်တို့အသင်း အကျိုးအမြတ်ထက် ကစားခွင့်ရတာကိုပဲ ကျေနပ်ပါတယ်''ဟု ပြောကြားခဲ့သည်။ 

 

မြန်မာ ယူ-၂၂ အသင်းနည်းပြချုပ်ပိုပေါ့ဗ်က ''ကျွန်တော်တို့အသင်းက ဇွန် ၇ ရက်မှာ ယှဉ်ပြိုင်ကစားမယ့် ဗီယက်နမ် ယူ-၂၂ အသင်းနဲ့ ခြေစမ်းပွဲတွေအတွက် ပြင်ဆင်နေတာဖြစ်ပါတယ်။ ဒီလိုထိပ်တန်းအဆင့်ရှိတဲ့ အသင်းတစ်သင်းနဲ့ ကစားခွင့်ရတာ ကောင်းပါတယ်။ ဒီပွဲမှာ လူစုံပါဝင်နိုင်မှာမဟုတ်ဘဲ ရှုံးထွက်ပွဲကစားရမယ့် ကလပ်အသင်းက ကစားသမားတွေ ပါဝင်နိုင်မှာမဟုတ်ပါဘူး''ဟု ပြောကြားသည်။ ဧရာဝတီအသင်းနည်းပြချုပ် ဦးမျိုးလှိုင်ဝင်းက ''ဒီလိုအသင်းမျိုးနဲ့ ကစားခွင့်ရအောင် စီစဉ်ပေးတဲ့ ဘောလုံးအဖွဲ့ချုပ်နဲ့ အသင်းဥက္ကဋ္ဌတို့ကို ကျေးဇူးတင်ပါတယ်။ ပိုဟန်စတီးလာစ်အသင်းက ကျွန်တော်ကစားသမားဘဝ လက်ထက်ကတည်းက အသင်းကောင်းတစ်သင်းဖြစ်ပြီး အခုအချိန်ထိလည်းအသင်းကောင်းဖြစ်နေဆဲဖြစ်ပါတယ်။ လက်ရှိအနေအထားက သူတို့က ကျွန်တော်တို့ထက် အများကြီးအဆင့်မြင့်သွားပါပြီ။ သူတို့ကို လေးလေးစားစားနဲ့ ယှဉ်ပြိုင်သွားမှာပါ။ ကျွန်တော်တို့အတွက် အကျိုးရှိမှာဖြစ်သလိုအတွေ့အကြုံကောင်းတွေ အများကြီးရမှာဖြစ်လို့ အကောင်းဆုံးကစားသွားမှာပါ''ဟု ပြောကြားခဲ့သည်။

 

ခြေစမ်းပွဲအဖြစ် မေ ၂၈ ရက် (ယနေ့) တွင် ပိုဟန်စတီးလာစ်အသင်းနှင့် ဧရာဝတီအသင်း၊ မေ ၃၀ ရက်တွင် ပိုဟန်စတီးလာစ်အသင်းနှင့် မြန်မာ ယူ-၂၂ အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ယင်းခြေစမ်းပွဲနှစ်ပွဲစလုံးကို ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ကျင်းပမည်ဖြစ်ပြီး ဝင်ကြေးအခမဲ့သတ်မှတ်ထားကာ ပရိသတ်များအတွက် ကံစမ်းမဲအစီအစဉ်များလည်း ပါဝင်မည်ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ

 

ဓာတ်ပုံ-ဖိုးသော်ဇင်

 

DSC_50