ကင်ဘာရာ ၃၀ စက်တင်ဘာ
တောင်ကိုရီးယားကုမ္ပဏီတစ်ခုသည် ၂၀၂၀ ပြည့်နှစ်မှစ၍ သြစတြေးလျနိုင်ငံတောင်ပိုင်းမှ အာကာသ အတွင်းသို့ ဂြိုဟ်တုများ လွှတ်တင်မည် ဖြစ်သည်။
တောင်ကိုရီးယားကုမ္ပဏီ Perigee Aerospace သည် Southern Launch နှင့် ဂြိုဟ်တုလွှတ်တင်ရေး ဆိုင်ရာ သဘောတူစာချုပ်တစ်ရပ် လက်မှတ်ရေးထိုး ခဲ့ရာ ပို့လင်ကွန်းမြို့အနီး Whalers Way ရှိ ဂြိုဟ်တု ပစ်လွှတ်ရေးအဆောက်အအုံကို ပထမဆုံးအသုံးပြုသည့် ကုမ္ပဏီဖြစ်လာခဲ့သည်။ သဘောတူညီချက် အရ တောင်ကိုရီးယားကုမ္ပဏီ Perigee Aerospace သည် ၂၀၂၀ ပြည့်နှစ် နှစ်လယ်မှစ၍ အသေးစား ဂြိုဟ်တုများ လွှတ်တင်ရန် အဆိုပါနယ်မြေကို အသုံးပြုနိုင်မည်ဖြစ်သည်။
သဘောတူညီချက်ကို နိုင်ငံတကာစက်မှုလက်မှု အခမ်းအနားဖြစ်သည့် အာကာသဖိုရမ်အဖြစ် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး (၁၉) ကြိမ်မြောက် သြစတြေးလျအာကာသ သုတေသနညီလာခံကို ယနေ့ အဒဲလိတ်ခ်မြို့တော်၌ စတင်ကျင်းပခဲ့သည်။
သြစတြေးလျဝန်ကြီးချုပ် စကော့မော်ရစ်ဆင် နှင့် စက်မှုလက်မှု၊ သိပ္ပံနှင့် နည်းပညာဝန်ကြီး ကာရင်းအန်ဒရူးစ်တို့က ပထမဆုံးသော အမျိုးသား အာကာသအေဂျင်စီဖြစ်သည့် သြစတြေးလျ အာကာသအေဂျင်စီ (ASA) ကို အဒဲလိတ်ခ်မြို့တော်၌ တည်ထောင်မည်ဖြစ်ကြောင်း ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်း ကြေညာခဲ့သည်။
သြစတြေးလျနိုင်ငံ၏ အာကာသလုပ်ငန်း နှစ်စဉ်တန်ဖိုးကို ၂၀၃၀ ပြည့်နှစ် မရောက်မီ အမေရိကန်ဒေါ်လာ ၈ ဒသမ ၁ ဘီလီယံအထိ သုံးဆတိုးမြှင့်ရန် သြစတြေးလျအာကာသအေဂျင်စီ (ASA) က လုပ်ဆောင်လျက်ရှိသည်။
စက်တင်ဘာလအတွင်း အမေရိကန်နိုင်ငံသို့ သွားရောက်သည့် တရားဝင်ခရီးစဉ်တစ်ခုအတွင်း ဝန်ကြီးချုပ် မော်ရစ်ဆင်က လကမ္ဘာနှင့် အင်္ဂါဂြိုဟ် ဆင်းသက်ရေး ပြန်လည်ကြိုးပမ်းမှုများအဖြစ် နာဆာနှင့် လက်တွဲဆောင်ရွက်နေသည့် သြစတြေးလျ စီးပွားရေးလုပ်ငန်းများသို့ အမေရိကန် ဒေါ်လာ ၁၀၁ ဒသမ ၃ သန်း ကူညီမည့် အစီအစဉ်ကို ကြေညာ ခဲ့သည်။
ကိုးကား- ဆင်ဟွာ
ဘာသာပြန်- ကျော်ထိုက်စိုး