ဆိုးလ် ဇွန် ၈

 

တောင်ကိုရီးယားနိုင်ငံတွင် လွန်ခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၁၃၃၅၈ ဦး ထပ်မံ စစ်ဆေးတွေ့ရှိခဲ့ခြင်းကြောင့် အဆိုပါရောဂါ ကူးစက်ခံရသူပေါင်း ၁၈၁၈၈၂၀၀ ရှိလာကြောင်း တောင်ကိုရီးယား ကျန်းမာရေးအာဏာပိုင်များက ယနေ့ပြောကြားသည်။

 

တောင်ကိုရီးယား၌ တစ်ရက်အတွင်း စစ်ဆေးတွေ့ရှိခဲ့သည့်ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်များ အနက် ၅၉ ဦးမှာ ပြည်ပနိုင်ငံများမှ ပြန်လာသူများဖြစ်ကြသည်။ လက်ရှိအချိန်အထိ တောင်ကိုရီးယားနိုင်ငံ၌ ပြည်ပနိုင်ငံများမှ ပြန်လာခဲ့ပြီးနောက် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူစုစုပေါင်း ၃၃၁၁၇ ဦး ရှိလာကြောင်း သိရသည်။

 

လတ်တလောအချိန်တွင် တောင်ကိုရီးယား၌ ကိုဗစ်-၁၉ ရောဂါဖြင့်အဖျားကြီးသူ ၁၁၄ ဦးရှိပြီး ယခင်နေ့နှင့် နှိုင်းယှဉ်ကြည့်ပါက အဖျားပြင်းသောလူနာသုံးဦး လျော့နည်းလာကြောင်း သိရသည်။

 

ထို့အပြင် တောင်ကိုရီးယားနိုင်ငံတွင် လွန်ခဲ့သည့်တစ်ရက်တာအတွင်း ကိုဗစ်-၁၉ ရောဂါဖြင့် လူနာခြောက်ဦး ထပ်မံသေဆုံးခဲ့သဖြင့် လက်ရှိအချိန်အထိ ထိုရောဂါဖြင့် သေဆုံးသူပေါင်း ၂၄၃၀၅ ဦးရှိလာသည်။ တောင်ကိုရီးယားနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါဖြင့် လက်ရှိသေဆုံးမှုနှုန်းမှာ နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူအားလုံး၏  ၀ ဒသမ ၁၃ ရာခိုင်နှုန်းခန့်ရှိကြောင်း သိရသည်။

 

ကိုးကား - ဆင်ဟွာ
ဘာသာပြန် - ဂျေတီ