ဆိုးလ်၊ ဖေဖော်ဝါရီ ၆
တောင်ကိုရီးယားနိုင်ငံ၌ ငါးဖမ်းရေယာဉ်တစ်စင်း နစ်မြုပ်မှုဖြစ်ပွားသဖြင့် လူကိုးဦးပျောက်ဆုံးနေကြောင်း ယွန်ဟပ်သတင်းအေဂျင်စီက ဖေဖော်ဝါရီ ၅ ရက်တွင် ထုတ်ပြန်ထားသည်။
တောင်ပိုင်း ဂျီအိုလာပြည်နယ် စီနန်ဒေသ အနောက်တောင်ဘက် မှ ၂၀ ကီလိုမီတာခန့်တွင် တည်ရှိသည့် လူသူမနေသော ဒဲဘီချီကျွန်း၏ အနောက်ဘက် ၁၆ ဒသမ ၆ ကီလိုမီတာရှိ ရေပြင်၌ ၂၄ တန် ငါးဖမ်းရေ ယာဉ်တစ်စင်း တိမ်းမှောက်သွားခဲ့ကြောင်း ဖေဖော်ဝါရီ ၄ ရက် ဒေသစံတော်ချိန် ည ၁၁ နာရီ ၁၉ မိနစ်ခန့်တွင် သတင်းရရှိခဲ့သည်။
အဆိုပါယာဉ်ပေါ်တွင် ငါးဖမ်းသမား ၁၂ ဦး လိုက်ပါသည့်အနက် သုံးဦးကို အနီးအနားရှိ သင်္ဘောတစ်စင်းက ကယ်ဆယ်ခဲ့သည်။ အခြားကိုးဦးကို ကယ်ဆယ်ရေးလုပ်ငန်းများ တစ်ညလုံး ဆောင်ရွက်ခဲ့သော်လည်း မတွေ့ရှိသေးကြောင်း သိရသည်။
ကမ်းခြေစောင့်တပ်နှင့် ရေတပ်တို့သည် ရှာဖွေရေး လုပ်ငန်းများ ဆောင်ရွက်ရန် သင်္ဘောများ၊ လေယာဉ်နှင့် ကယ်ဆယ်ရေးအဖွဲ့များကို စေလွှတ်ခဲ့ကြောင်း သိရသည်။
ဆင်ဟွာ