ဖေဖော်ဝါရီ ၁၄
တောင်ကိုရီးယားနိုင်ငံအရှေ့တောင်ပိုင်းဘူဆန်မြို့ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် မီးလောင်မှုကြောင့် ခြောက်ဦး သေဆုံးပြီး အခြားခုနစ်ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း မီဒီယာများက ဖော်ပြထားသည်။
အဆိုပါမီးလောင်မှုသည် ဆိုးလ်မြို့တော်အရှေ့တောင်ဘက် ၃၂၅ ကီလိုမီတာအကွာခန့် ဘူဆန်မြို့ ဟိုတယ်ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် ယနေ့မနက် ဒေသစံတော်ချိန် ၁၀ နာရီ ၅၁ မိနစ်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ထိုဆောက်လုပ်ရေးလုပ်ငန်းခွင်ရှိအလုပ်သမားဦးရေ ၁၀၀ ဝန်းကျင်ကို ဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးခဲ့ပြီး ခေါင်မိုးပေါ်ရှိ၁၄ ဦးကို ရဟတ်ယာဉ်များဖြင့် ကယ်ဆယ်ခဲ့သည်ဟု သိရသည်။
အကာအရန်ပစ္စည်းများသိမ်းဆည်းထားရာဆောက်လုပ်ရေးလုပ်ငန်းခွင်၏ပထမထပ်တွင်မီးစတင်လောင်ကျွမ်းခဲ့သည်ဟုယူဆရသည်။
မီးသတ်အာဏာပိုင်များက မီးသတ်ကား ၁၂၇ စီးနှင့် မီးသတ်သမား ၃၅၂ ဦးတို့ကို မီးလောင်မှုဖြစ်ပွားရာနေရာသို့ စေလွှတ်ထားသည်ဟုသိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို