၂၄ စက်တင်ဘာ


တောင်ကိုရီးယားနိုင်ငံ သက်ကြီးရွယ်အို ဆေးရုံတစ်ရုံ မီးလောင်မှု ဖြစ်ပွားခဲ့သဖြင့် အသက်ကြီးပိုင်း လူနာနှစ်ဦး သေဆုံးကြောင်း အတည်ပြုခဲ့ပြီး အခြား ၄၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မီးသတ်ဌာန တာဝန်ရှိသူများ၏ ပြောကြားချက်ကို ကိုးကားပြီး ယွန်ဟပ်သတင်းအေဂျင်စီက သတင်းဖော်ပြခဲ့သည်။


တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်၏ အနောက်ဘက် ၃၀ ကီလိုမီတာအကွာခန့် ဂင်ပိုမြို့ရှိ ငါးထပ်အဆောက်အဦ ဆေးရုံ၏ တတိယထပ်နှင့် စတုတ္ထထပ်တို့ကို ဒေသစံတော်ချိန် မနက် ၉ နာရီ ၃ မိနစ်က မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်းနှင့် မိနစ် ၅၀ ခန့်အကြာတွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း ဖော်ပြထားသည်။


သက်ကြီးလူနာ ၁၃၀ ဦးဆံ့ ထိုဆေးရုံတွင် နှစ်ဦးသေဆုံးပြီး အခြား ၄၇ ဦး ဒဏ်ရာရရှိခဲ့သည်။ ယင်းသို့ဒဏ်ရာရရှိသူများအနက် ရှစ်ဦးမှာ မီးခိုးမွှန်ထူခြင်းကြောင့် အခြေအနေစိုးရိမ်ရသည်။


၎င်းဆေးရုံအဆောက်အဦ၏ လေးထပ်မြောက်ရှိ ဘွိုင်လာအခန်းတစ်ခန်းမှ ထိုမီးစတင် လောင်ကျွမ်းခဲ့ခြင်း ဖြစ်ဖွယ်ရှိသည်။


အဆိုပါ မီးလောင်ကျွမ်းမှု ဖြစ်ပွားရသည့် အကြောင်းရင်းကို  ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေး နေဆဲဖြစ်ကြောင်း သိရသည်။


ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို