တောင်ကိုရီးယားနိုင်ငံ၏ မော်တော်ယာဉ်တင်ပို့မှု မတ်လအတွင်း စံချိန်တင်မြင့်တက်

ဆိုးလ်၊ ဧပြီ ၁၈

 

တောင်ကိုရီးယားနိုင်ငံ၏ မော်တော်ယာဉ်တင်ပို့မှုသည် ပြီးခဲ့သည့်မတ်လအတွင်း စံချိန်တင် မြင့်တက်ခဲ့ကြောင်း  ဧပြီ  ၁၇ ရက်တွင် ဖော်ပြခဲ့သည့် အစိုးရ၏ အချက်အလက်များအရ သိရသည်။

တောင်ကိုရီးယားနိုင်ငံ၏ မော်တော်ယာဉ်တင်ပို့မှုသည် မတ်လအတွင်းက အမေရိကန်ဒေါ်လာ ၆ ဒသမ ၅၂ ဘီလီယံရှိခဲ့ခြင်းကြောင့် ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၆၄ ဒသမ ၁ ရာခိုင်နှုန်းမြင့်တက်မှုရှိခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံ ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာနက ပြောကြားသည်။

မတ်လအတွင်း တောင်ကိုရီးယားနိုင်ငံ၏ မော်တော်ယာဉ်တင်ပို့မှုသည် လစဉ် မော်တော်ယာဉ် တင်ပို့မှုများတွင် အမြင့်ဆုံးဖြစ်ပြီး ပြီးခဲ့သည့်နှစ် ဩဂုတ်လနောက်ပိုင်း ရှစ်လဆက်တိုက် တင်ပို့မှု မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တောင်ကိုရီးယားနိုင်ငံသည် မတ်လအတွင်းက မော်တော်ယာဉ်စုစုပေါင်း ၂၆၂၃၄၁ စီးတင်ပို့နိုင်ခဲ့ခြင်းကြောင့် ယမန်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၄၈ ဒသမ သုည ရာခိုင်နှုန်းမြင့်တက်မှုရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် တောင်ကိုရီးယားနိုင်ငံအတွင်းရှိ စက်ရုံများမှ ထုတ်လုပ်သည့် မော်တော်ယာဉ် အရေအတွက်သည် မတ်လအတွင်းက ၄၀၉၈၀၆ စီးရှိခဲ့ခြင်းကြောင့် ယမန်နှစ်အလားတူ ကာလထက် ၃၅ ဒသမ ၆ ရာခိုင်နှုန်း ပိုမိုထုတ်လုပ်နိုင်ခဲ့ကြောင်း သိရသည်။

ကိုးကား - ဆင်ဟွာ၊

ဘာသာပြန် - အလင်းသစ်