ဇန်နဝါရီ ၂၃
တောင်ကိုရီးယားနိုင်ငံအနောက်တောင်ပိုင်း ရေထွက်ပစ္စည်း ပင်လယ်စာအရောင်းဆိုင် ၂၂၇ ဆိုင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရမှုမရှိကြောင်း ယွန်ဟပ်သတင်းအေဂျင်စီက မီးသတ်သမားများ၏ ပြောကြားချက်ကိုကိုးကား ဖော်ပြထား သည်။
အဆိုပါမီးလောင်ကျွမ်းမှုသည် ဆိုးလ်မြို့တော်၏တောင်ဘက် ကီလိုမီတာ ၁၇၀ ခန့်အကွာ Seocheon ခရိုင်ရှိ ရိုးရာပင်လယ်စာ ရောင်းချသည့်ဈေးတွင် ယမန်နေ့ည ဒေသစံတော်ချိန် ၁၁ နာရီ ၈ မိနစ်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
မီးသတ်သမားများက လေပြင်းတိုက်ခတ်မှုနှင့် ဈေးဆိုင်များပြည့်ကျပ်နေမှုတို့ကြောင့် မီးငြှိမ်းသတ်မှုကို ကိုးနာရီနီးပါးကြာ လုပ်ဆောင်ခဲ့ရသည်ဟု သိရသည်။
မီးလောင်ကျွမ်းမှုဖြစ်ပွားချိန်က ဈေးအတွင်းတစ်ဦးတစ်ယောက်မျှမရှိသဖြင့် ထိခိုက်ဒဏ်ရာရသူတစ်ဦးတစ်ယောက်မျှ မရှိကြောင်းဖော်ပြထားသည်။ ၎င်းဈေးတွင် ဈေးဆိုင်ပေါင်း ၂၉၂ ဆိုင်ရှိသည့်အနက် ၂၂၇ ဆိုင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။ မီးလောင်မှုဖြစ်ပွားရာနေရာသို့ မီးသတ်သမား ၃၆၁ ဦးနှင့် မီးသတ်ကား ၄၅ စီးတို့ရောက်ရှိကာ မီးငြှိမ်းသတ်ခဲ့သည်ဟု သိရသည်။ မီးလောင်မှုဖြစ်ပွားသည့်အကြောင်းရင်းနှင့်ပတ်သက်ပြီး မီးသတ်အာဏာပိုင်များက စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်လျက်ရှိသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို