ဒီဇင်ဘာ ၁၈

 

တောင်ကိုရီးယားနိုင်ငံအနောက်ပိုင်း အင်ချွန်းဆိပ်ကမ်းမြို့တွင် ယမန်နေ့ညပိုင်းက ဟိုတယ်တစ်လုံး မီးလောင်မှုကြောင့် အနည်းဆုံးလူ ၁၈ ဦးကို ဆေးရုံအသီးသီးသို့ ပို့ဆောင်ပေးခဲ့သည်ဟု ယွန်ဟပ် သတင်းအေဂျင်စီက ဖော်ပြထားသည်။

 

အဆိုပါ Grand Palace ဟိုတယ်၏ပင်မအဆောက်အဦနှင့် ဆက်သွယ်ထားသော ၁၈ ထပ်ရှိ ယာဉ်ရပ်နားစခန်းတွင် ည ၉ နာရီ ၁ မိနစ်ဝန်းကျင်က  မီးစတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။

 

ထိုဟိုတယ်သည် အင်ချွန်းမြို့၏ Namdong ခရိုင်တွင် ရှိသည်။ ဟိုတယ်မီးလောင်မှုကြောင့် မီးခိုးမွှန်ကာအသက်ရှုရခက်ခဲခြင်း၊ ခြေချင်းဝတ်နှင့် ကျောကုန်းနာကျင်ခြင်းဝေဒနာခံစားရသူ ၁၈ ဦးကို ဆေးရုံအသီးသီးသို့ ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။ ဒဏ်ရာရရှိသူများအနေဖြင့် အသက်အန္တရာယ် စိုးရိမ်ဖွယ်ရာမရှိကြောင်း ဖော်ပြထားသည်။

 

မီးလောင်မှုဖြစ်ပွားရာနေရာသို့ မီးသတ်သမား ၁၄၀ ခန့်ရောက်ရှိလာပြီး မီးငြှိမ်းသတ်မှုပြုလုပ်ရာ တစ်နာရီ ၃၀ မိနစ်ခန့်ကြာမြင့်ခဲ့သည်ဟု မီးသတ်အာဏာပိုင်များက ဆိုသည်။

 

အာဏာပိုင်များက ၎င်းမတော်တဆမှု ဖြစ်ပွားရသည့်အကြောင်းရင်းကို စုံစမ်းစစ်ဆေးမှု လုပ်ဆောင်နေသည်ဟု သိရသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို