ဆိုးလ် ဒီဇင်ဘာ ၅

တောင်ကိုရီးယားနိုင်ငံ၌ အိုမီခရွန် ကူးစက်ခံရမှုတွေ့ရှိပြီးနောက် လူမှုဘဝတွင် ဖြေလျှော့ထားသည့် ကန့်သတ်ချက်များကို ပြန်လည်တင်းကျပ်သွားမည်ဟု သိရသည်။

ပြီးခဲ့သည့်လအတွင်းကမှ ဖြေလျှော့ပေးခဲ့သည့် ကန့်သတ်ချက်များကို ပြန်လည်သုံးသပ်နေပြီဖြစ်ကြောင်း ဒီဇင်ဘာ ၃ ရက်တွင် တောင်ကိုရီးယား အစိုးရက ကြေညာခဲ့သည်။

ယခုလအတွင်း နေ့စဉ်ကူးစက်မှုမှာ ၅၀၀၀ ဝန်းကျင်၌ ရှိနေပြီးနောက် ယခုလို ဆုံးဖြတ်ချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ ပြင်းပြင်းထန်ထန် ဖျားနာသည့် လူနာဦးရေမှာလည်း ၇၃၆ ဦး ရှိလာခဲ့သည်။ ဒီဇင်ဘာ ၂ ရက်တွင် တောင်ကိုရီးယားနိုင်ငံ ၌ ပထမဆုံး အိုမီခရွန်ကူးစက်ခံရသူတွေ့ရှိခဲ့သည်။

စည်းကမ်းတင်းကျပ်မှုများအောက်တွင် မြို့တော်ဧရိယာတစ်ဝိုက် သီးသန့်လူစုလူဝေး ပြုလုပ်ရာ၌ ခြောက်ဦးအထိ ကန့်သတ်ထားမည် ဖြစ်သည်။ ယခင်က ၁၀ ဦးအထိ ခွင့်ပြုပေးခဲ့သည်။ စားသောက်ဆိုင်များသို့မဝင်မီ ကာကွယ်ဆေးထိုးပြီးကြောင်း လက်မှတ်ပြသရမည်ဖြစ်သည်။

စီးပွားရေးလုပ်ငန်းများအပေါ်တွင် ထိခိုက်မည်ကို စိုးရိမ်သည့်အတွက် စီးပွားရေးလုပ်ငန်းများနှင့် စားသောက်ဆိုင်များအပေါ် အချိန်ကန့်သတ်မည်မဟုတ်ဟု သိရသည်။

အင်န်အိတ်ချ်ကေ