နိုဝင်ဘာ ၂၄
တောင်ကိုရီးယားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ထပ်မံကူးစက်ဖြစ်ပွားသူဦးရေ ၄၀၀၀ ကျော်ရှိရာ နေ့စဉ်ကူးစက်မှုတွင် ပထမဆုံးအကြိမ်အဖြစ် ကူးစက်မှုစံချိန်တင်ခဲ့သည်။
ဝန်ကြီးချုပ်က ကိုဗစ်-၁၉ ရောဂါဆိုင်ရာအရေးပေါ်ကန့်သတ်ချက်များကို ပြန်လည်ချမှတ်နိုင်သည်ဟု အဆိုပြုထားသည်။
ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကူးစက်သူဦးရေ ၄၁၁၆ ဦးရှိသည်။
ရောဂါကူးစက်မှုကြောင့်စိုးရိမ်ရသည့်လူနာ ၅၈၆ ဦးရှိသည်။ ရောဂါကူးစက်မှု ပြင်းထန်စွာ ဖြစ်ပွားနေသည့် မြို့တော် ဆိုးလ်နှင့်အနီးဝန်းကျင်ဒေသများတွင် အထူးကြပ်မတ် ကုသဆောင်များတွင် ကုသမှုခံယူနေမှုနှုန်းသည် ရာခိုင်နှုန်း ၈၀ ကျော်ရှိသည်။
တောင်ကိုရီးယားအစိုးရက ကိုဗစ်-၁၉ ဆိုင်ရာကန့်သတ်ချက်များ ဖြေလျှော့လိုက်ချိန်တွင် ယခုလ အစောပိုင်းကစတင်ကာ နေ့စဉ်ရောဂါကူးစက်မှုများ ပြန်လည်ဖြစ်ပွားလာခဲ့သည်။
ကိုဗစ်ကာကွယ်ထိုးနှံမှုခံယူပြီးသူ ၇၉ ဒသမ ၁ ရာခိုင်နှုန်းရှိသည်။
ဝန်ကြီးချုပ်ကင်မ်ဘူခမ်က မြို့တော်တစ်ဝန်းရှိ ဒေသများတွင် အရေးပေါ်စီမံချက်ကို ချက်ချင်း အကောင်အထည်ဖော်ရေး စဉ်းစားရလောက်အောင်ပင် အခြေအနေစိုးရိမ်ရသည်ဟု ယနေ့တွင်ပြောကြားခဲ့သည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို