တောင်ကိုရီးယားနိုင်ငံ၌ ကိုဗစ်-၁၉ရောဂါကူးစက်ဖြစ်ပွားမှုလျော့ကျလာသဖြင့် ပါးစပ်၊ နှာခေါင်းစည်းတပ်ဆင်မှုစည်းမျဉ်း ဖြေလျှော့ပေး

ဇန်နဝါရီ ၃၀

တောင်ကိုရီးယားနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုလျော့ကျလာသည်ဟု ယူဆရသဖြင့် မိုးလုံလေလုံအဆောက်အအုံအတွင်း ပါးစပ်၊ နှာခေါင်းစည်းတပ်ဆင်မှုဆိုင်ရာစည်းမျဉ်းအများစုကို ယနေ့တွင် ရုပ်သိမ်းပေးခဲ့သည်ဟု သိရသည်။

ပြည်သူများအနေဖြင့် စာသင်ကျောင်းများ၊ အားကစားခန်းမများအပါအဝင် မိုးလုံလေလုံနေရာအများစုတွင် ယခုအခါ ပါးစပ်၊ နှာခေါင်းစည်းမပါပဲ  ဝင်ရောက်နိုင်ပြီဖြစ်သော်လည်း ဆေးရုံများကဲ့သို့သော အများပြည်သူ သွားလာရာနေရာများတွင်မူ ပါးစပ်၊ နှာခေါင်းစည်းတပ်ဆင်ထားရမည်ဖြစ်ကြောင်း ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးအေဂျင်စီက ပြောကြားသည်။

၂၀၂၀ ခုနှစ် အောက်တိုဘာလမှစတင်ကာအသက်ဝင်ခဲ့သော မိုးလုံလေလုံအဆောက်အအုံအတွင်း  ပါးစပ်၊ နှာခေါင်းစည်းတပ်ဆင်မှုဆိုင်ရာစည်းမျဉ်းကို ဖြေလျှော့ပေးပြီးနောက် ကိုဗစ်ရောဂါကူးစက်မှုအရေအတွက် တိုးလာနိုင်သဖြင့် ယင်းအခြေအနေကိုလည်း အနီးကပ်စောင့်ကြည့်သွားမည်ဖြစ်ကြောင်း အစိုးရကထပ်လောင်းပြောကြားသည်။

အဆောက်အအုံပြင်ပနေရာများတွင် ပါးစပ်၊ နှာခေါင်းစည်း တပ်ဆင်မှုဆိုင်ရာစည်းမျဉ်းကို ပြီးခဲ့သည့်နှစ် မေလက ရုပ်သိမ်းခဲ့သည်ဟု သိရသည်။

နိုင်ငံတစ်ဝန်းတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်ရောဂါကူးစက်ခံရသူ ၇၄၁၆ ဦးရှိရာ ရောဂါကူးစက်မှုပေါင်း ၃၀၁၅၇၀၁၇ အထိရှိလာကြောင်းနှင့် ယင်းရောဂါဖြင့်သေဆုံးသူပေါင်း ၆၂၃၉ ဦးရှိကြောင်း ဖော်ပြထားသည်။

ကိုးကား-ကျိုဒိုနယူးစ်

ဘာသာပြန်-မြင့်မြင့်ချို