တောင်ကိုရီးယားနိုင်ငံ၌ မြေအောက်ရထားဘူတာ စက်လှေကားချွတ်ယွင်းမှုကြောင့် ၁၄ ဦးဒဏ်ရာရ

ဇွန် ၈

 

တောင်ကိုရီးနိုင်ငံတွင် ယမန်နေ့က မြေအောက်ရထားဘူတာရှိ စက်လှေကားချွတ်ယွင်းမှုကြောင့် ၁၄ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ယွန်ဟပ်သတင်းအေဂျင်စီက ဖော်ပြထားသည်။

 

ဆိုးလ်မြို့တောင်ဘက် ကီလိုမီတာ ၂၀ ခန့်အကွာ ဆောင်နမ်မြို့ရှိ မြေအောက်ရထားဘူတာရုံတွင် အထက်သို့တက်သည့်စက်လှေကားများအနက် စက်လှေကားတစ်ခုသည် ဒေသစံတော်ချိန် မနက် ၈ နာရီ ၂၀ မိနစ်ဝန်းကျင်က ပြောင်းပြန်လည်ပတ်ခဲ့ခြင်းကြောင့် မတော်တဆဒဏ်ရာရမှုများ ဖြစ်ပေါ်ခဲ့သည်။

 

ဒဏ်ရာရရှိသူများအနက် သုံးဦးကို နီးစပ်ရာဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်းနှင့် ၎င်းတို့၏နောက်ကျောနှင့် ခြေထောက်များတွင် ပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း  ဖော်ပြထားသည်။

 

အခြား ၁၁ ဦးသည် ဒဏ်ရာအနည်းငယ်သာရရှိကာ ကုသမှုခံယူနေသည်ဟု သိရသည်။

 

ရဲတပ်ဖွဲ့နှင့် မီးသတ်အာဏာပိုင်များက မျက်မြင်သက်သေများ၏ပြောကြားချက်များကို အခြေခံပြီး ထိုမတော်တဆမှုဖြစ်ပွားရသည့်အကြောင်းရင်းကို စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို