ဇူလိုင် ၁၇

တောင်ကိုရီးယားနိုင်ငံတွင် လွန်ခဲ့သောသီတင်းပတ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သေဆုံးသူ ၃၇ ဦးအထိရှိလာပြီး အခြားကိုးဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း အာဏာပိုင်များက ယမန်နေ့ကပြောကြားသည်။

အဆိုပါသည်းထန်စွာရွာသွန်းသောမိုးကြောင့် ချောင်ချီအွန်ပြည်နယ်အလယ်ပိုင်းနှင့် မြောက်ဂျီအွန်ဆန်ပြည်နယ် အရှေ့တောင်ပိုင်းတို့တွင် သေဆုံးသူပေါင်း ၃၇ ဦးရှိလာသည်ဟု ဗဟိုဘေးအန္တရာယ်ကင်းရှင်းရေး ဌာနချုပ်၏ ပြောကြားချက်အရ သိရသည်။

 လွန်ခဲ့သောသီတင်းပတ်အတွင်း မိုးရေချိန် မီလီမီတာ ၉၀၀ ကျော်အထိ စံချိန်တင်မြင့်တက်ခဲ့သော အချို့သောဒေသများ၊ ပြည်နယ်များတွင် မိုးသည်းထန်စွာရွာသွန်းမှုဆိုင်ရာသတိပေးချက်များထုတ်ပြန်ထားသည်။

နိုင်ငံတစ်ဝန်းတွင် ရေကြီးရေလျှံခြင်း၊ နေအိမ်များပြိုကျခြင်းနှင့် မြေပြိုခြင်းတို့ဖြစ်ပွားသောကြောင့် ထိခိုက်ဒဏ်ရာရသေဆုံးမှုများ မြင့်မားလာသည်။

အိုဆောင်မြို့အလယ်ပိုင်းရှိ ရေအောက်တူးမြောင်းရေကြီးရေလျှံမှုတွင် မော်တော်ယာဉ်များအတွင်း ပိတ်မိနေသူ ကိုးဦး၏အလောင်းကို ရှာဖွေတွေ့ရှိခဲ့သည်။

ရုတ်တရက်သည်းထန်စွာရွာသောမိုးကြောင်း ပြည်နယ်နှင့် မြို့ ၁၄ ခုတို့မှ လူပေါင်း ၈၈၅၂ ဦးကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့သည်ဟု သိရသည်။

ထိုမိုးသည်းထန်စွာရွာသွန်းမှုကြောင့် နံရံများပျက်စီးခြင်း၊ ငါးဖမ်းလှေများ၊ မော်တော်ယာဉ်များနစ်မြုပ်ခြင်း၊ နေအိမ်များရေကြီးရေလျှံခြင်းနှင့်ပြိုကျခြင်းတို့ကဲ့သို့သော ပုဂ္ဂလိကပိုင်အဆောက်အအုံများပျက်စီးမှု ၂၀၄ ခုရှိကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို