မတ် ၁၅
တောင်ကိုရီးယားနိုင်ငံအရှေ့ပိုင်းတွင် ပုဂ္ဂလိကပိုင်ရဟတ်ယာဉ်တစ်စင်း ယနေ့တွင် ပျက်ကျမှုဖြစ်ပွားခဲ့သဖြင့် နှစ်ဦးသေဆုံးခဲ့သည်ဟု ယွန်ဟပ်သတင်းအေဂျင်စီက ဖော်ပြထားသည်။
အဆိုပါရဟတ်ယာဉ်သည်ဆိုးလ်မြို့အရှေ့ဘက် ၁၄၀ ကီလိုမီတာအကွာ ယောင်ဝူမြို့အရှေ့ပိုင်းရှိ တောင်စောင်းတွင် ဒေသစံတော်ချိန် မနက် ၇ နာရီ ၄၆ မိနစ်က ပျက်ကျခဲ့သည်။
ထိုရဟတ်ယာဉ်ပျက်ကျမှုကြောင့် အသက် ၆၅ နှစ်အရွယ် လေယာဉ်မှူးတစ်ဦးနှင့် ၅၁ နှစ်အရွယ် ကုန်စည်ပို့ဆောင်ရေးကုမ္ပဏီ၏တာဝန်ရှိသူတစ်ဦးတို့ သေဆုံးခဲ့သည်ဟု သိရသည်။ ၎င်းရဟတ်ယာဉ်ပျက်ကျပြီး မီးလောင်မှုဖြစ်ပွားခဲ့သည်။
ရဲတပ်ဖွဲ့၏ပြောကြားချက်အရ ထိုရဟတ်ယာဉ်သည် လျှပ်စစ်တာဝါတိုင်ဆောက်လုပ်ရေးအတွက် လျှပ်စစ်ဝါယာကြိုးများသယ်ယူပို့ဆောင်နေစဉ် ယင်းလိုင်းကြိုးတန်းများဖြင့်ထိမိသွားဖွယ်ရှိသည်ဟု သိရသည်။
ထိုမတော်တဆမှုဖြစ်ပွားရသည့်အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို