မတ် ၁၃
တောင်ကိုရီးယားနိုင်ငံ အလယ်ပိုင်း ဒေဂျွန်မြို့ရှိ တာယာစက်ရုံတွင် မီးအကြီးအကျယ်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း ယွန်ဟပ်သတင်းအေဂျင်စီက ယနေ့တွင် ဖော်ပြထားသည်။
အဆိုပါမီးလောင်ကျွမ်းမှုသည် ဆိုးလ် မြို့တော်၏တောင်ဘက် ၁၄၀ ကီလိုမီတာအကွာ ဟန်ကွတ်ခ်တာယာနှင့်နည်းပညာ စက်ရုံတွင် ယမန်နေ့ည ဒေသစံတော်ချိန် ၁၀ နာရီ ၉ မိနစ်က စတင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ထိုမီးလောင်မှုကြောင့် စက်ရုံအလုပ်သမား ၁၀ ဦးနှင့် မီးသတ်သမားတစ်ဦးအပါအဝင် လူပေါင်း ၁၁ ဦးကို ဆေးရုံသို့ပို့ဆောင်ပေးခဲ့သော်လည်း ဒဏ်ရာပြင်းထန်စွာရရှိသူစာရင်းကိုမူမသိရှိရသေးပေ။
ယင်းမီးလောင်ကျွမ်းမှုငြှိမ်းသတ်ရန် ရဟတ်ယာဉ်ကိုးစင်း၊ မီးသတ်သမား ၇၅၀ ကျော်တို့ဖြင့် လုပ်ဆောင်နေကြကြောင်းနှင့် ထိုတာယာများမှာ မီးလောင်လွယ်သောပစ္စည်းများဖြင့်ပြုလုပ်ထားခြင်းဖြစ်သဖြင့် မီးငြှိမ်းသတ်ရန်ခက်ခဲကြောင်း ဖော်ပြထားသည်။
ဒေဂျွန်ရှိ တာယာစက်ရုံနှစ်ရုံအနက် တစ်ရုံသည် မီးလောင်ကျွမ်းသွားပြီး အတွင်းပိုင်းတွင် စတုရန်းမီတာ ၈၇၀၀၀နှင့် တာယာထုတ်ကုန်အားလုံး ၄၀၀၀၀၀ လောင်ကျွမ်းခဲ့သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို