ဆိုးလ် ဇူလိုင် ၂၆
တောင်ကိုရီးယားနှင့် အမေရိကန်နိုင်ငံတို့ရှိ စီးပွားရေးလုပ်ငန်းများက လာမည့် ငါးနှစ်တာကာလအတွင်း ချစ်ပ်ပြားထုတ်လုပ်ရေးနှင့် ထောက်ပံ့ရေးကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်ရန်အတွက် အမေရိကန်ဒေါ်လာ ၉၅၀ ဘီလီယံတန်ဖိုးရှိ သဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
တောင်ကိုရီးယားသမ္မတ လီဂျေမြောင်က ဆန်ဖရန်စစ္စကိုမြို့သို့ ရောက်ရှိပြီးနောက် OpenAI၊ Anthropic နှင့် Nvidia အပါအဝင် အမေရိကန်ကုမ္ပဏီများ၏ အကြီးအကဲများနှင့် သီးခြားစီတွေ့ဆုံ ဆွေးနွေးခဲ့ပြီးနောက် အထက်ပါပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်များကို လက်မှတ် ရေးထိုးခဲ့ကြောင်း တောင်ကိုရီးယား သမ္မတရုံးက ထုတ်ပြန်ကြေညာခဲ့သည်။
သမ္မတ လီဂျေမြောင်က ၎င်းကိုယ်တိုင် ဦးစီးကျင်းပခဲ့သည့် ဉာဏ်ရည်တုနည်းပညာဆိုင်ရာ ထိပ်သီးအစည်းအဝေးတစ်ခုတွင် ဉာဏ်ရည်တု (AI) နည်းပညာနှင့်ပတ်သက်ပြီး တောင်ကိုရီးယားနိုင်ငံ မျှော်မှန်းချက်များကို ရှင်းလင်းတင်ပြခဲ့သည်။
အဆိုပါ အစည်းအဝေးသို့ သမ္မတနှင့်အတူ လိုက်ပါလာခဲ့ကြသည့် Samsung Electronics နှင့် SK Hynix ကုမ္ပဏီများအပါအဝင် အမေရိကန်နှင့် တောင်ကိုရီးယားကုမ္ပဏီများမှ ထိပ်တန်းခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။
မှတ်ဉာဏ်သိုလှောင်နိုင်သော ချစ်ပ်ထုတ်လုပ်မှုတွင် ကမ္ဘာ့အမြင့်မားဆုံး ယှဉ်ပြိုင်နိုင်စွမ်းနှင့် ထုတ်လုပ်နိုင်စွမ်းတို့ကို အခြေခံ၍ တောင်ကိုရီးယားနိုင်ငံအနေဖြင့် ယုံကြည်စိတ်ချရသော AI ချစ်ပ် ထုတ်လုပ်မှုနှင့် ထောက်ပံ့ရေးကွင်းဆက် မိတ်ဖက်နိုင်ငံတစ်ခုဖြစ်လာမည်ဟု မျှော်လင့်ပါကြောင်း သမ္မတလီက ပြောကြားခဲ့သည်။
ပြီးခဲ့သည့်လကလည်း သမ္မတ လီက တောင်ကိုရီးယားနိုင်ငံ အနောက်တောင်ပိုင်းဒေသတွင် ချစ်ပ်ထုတ်လုပ်ရေးဗဟိုဌာနများ တည်ဆောက်ရန်အတွက် အမေရိကန်ဒေါ်လာ ၅၄၇ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံမည့်အစီအစဉ်ကို ကြေညာခဲ့ကြောင်း သိရသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်


