ဆိုးလ် နိုဝင်ဘာ ၁

 

တောင်ကိုရီးယားနှင့် အမေရိကန်တို့သည် စစ်ဘက်ဆိုင်ရာ လေယာဉ် ၂၄၀ ခန့် အပါအဝင် ၎င်းတို့၏ အကြီးစားပူးတွဲ လေကြောင်းစစ်ရေးလေ့ကျင့်မှုကို အောက်တိုဘာ ၃၁ ရက်တွင် စတင်လိုက်ကြောင်း တောင်ကိုရီး ယားလေတပ်၏ ထုတ်ပြန်ချက်အရ သိရသည်။

 

အဆိုပါ ပူးတွဲလေကြောင်း စစ်ရေးလေ့ကျင့်မှုသည် နိုဝင်ဘာ ၄ ရက်အထိ ကြာမြင့်မည်ဖြစ်ပြီး တောင်ကိုရီးယား စစ်ဘက်မှ F-35A ကိုယ်ပျောက်ဂျက်လေယာဉ် များ၊ F-15K နှင့် KF-16 တိုက်လေယာဉ်များ၊ KC-330 လေယာဉ် များအပါအဝင် စစ်ဘက်လေယာဉ် ၁၄၀ ခန့် ဖြန့်ကြက်ထားပြီး အမေရိကန်စစ်ဘက်က F-35B ကိုယ်ပျောက်တိုက်လေယာဉ်များ၊ EA-18 အီလက်ထရွန်နစ် စနစ်သုံးလေယာဉ်၊ U-2 ကင်းထောက်လေယာဉ်နှင့် KC-135 လေယာဉ်များကဲ့သို့သော စစ်လေယာဉ် ၁၀၀ ခန့် ဖြန့်ကြက်ထားကြောင်း သိရသည်။

 

ထို့အပြင် ဩစတြေးလျ လေတပ်ကလည်း KC-30A လေယာဉ်တစ်စင်း ပို့ဆောင်ပြီး တောင်ကိုရီးယား - အမေရိကန် ပူးတွဲလေကြောင်းစစ်ရေး လေ့ကျင့်မှုတွင် ပါဝင်သွားမည်ဟု သိရသည်။ စစ်ရေးလေ့ကျင့်မှု လုပ်ဆောင်နေစဉ်အတွင်း ပေါင်းစပ် လေကြောင်းတပ်ဖွဲ့များကို ကွပ်ကဲပြီး ကိုရီးယားလေကြောင်း နှင့် အာကာသစစ်ဆင်ရေးဌာန (ကေအေအိုစီ) ၏ စစ်ဆင်ရေး စွမ်းရည်ကို သုံးသပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ဆင်ဟွာ