ဆိုးလ် ၁၁ ဖေဖော်ဝါရီ 

 

တောင်ကိုရီးယားတွင် စခန်းချထားသည့် အမေရိကန်တပ်များ၏  ကာကွယ်ရေးကုန်ကျစရိတ်မျှခံရန်  တောင်ကိုရီး ယားနှင့်အမေရိကန်တို့  ယမံနေ့က  စာချုပ်ချုပ်ဆိုလက်မှတ်ရေးထိုးခဲ့သည်ဟု ဒေသခံ မီဒီယာများက သတင်းထုတ်ပြန်ခဲ့ကြောင်း ယမံနေ့က ဆင်ဟွာသတင်းတစ်ရပ်အရ သိရသည်။

 

လက်မှတ်ရေးထိုးပွဲအခမ်းအနားကို   ဆိုးလ်မြို့ရှိ တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာန    ရုံးချုပ်၌ ကျင်းပခဲ့ပြီး  နှစ်နိုင်ငံ  ထိပ်တန်းစေ့စပ်ညှိနှိုင်းရေးခေါင်းဆောင်များဖြစ်သည့်  ချန်ဝန်ဆပ်နှင့်  တင်မိုသီဘက်တို့ တက်ရောက်ခဲ့ကြသည်။

 

အထူးစီမံချက် သဘောတူညီမှု (အက်စ်အမ်အေ)၏မူအရ ကိုရီးယားရှိ အမေရိကန်တပ်ဖွဲ့များအတွက် ဆိုးလ်နှင့်  ဝါရှင်တန်တို့ ကုန်ကျစရိတ်မျှခံရန် သတ်မှတ်ခဲ့သည်။ တောင်ကိုရီးယားအနေဖြင့် ယခုနှစ်အတွက် ဝမ် ၁ ဒသမ ဝ၄  ထရီလီယံ  (အမေရိကန်ဒေါ်လာ  ၉၂၅  သန်း)ပေးဆောင်ရမည်ဖြစ်ပြီး ပြီးခဲ့သည့် နှစ်ကထက် ၈ ဒသမ ၂  ရာခိုင်နှုန်း  တိုးလာခဲ့သည်။  တောင်ကိုရီးယားတွင်စခန်းချနေသည့် အမေရိကန်တပ်များအတွက် တောင်ကိုရီးယားအနေဖြင့်  ပြီးခဲ့သည့်  ၂၀၁၈  ခုနှစ်က  ဝမ်  ၉၆၀  ဘီလီယံ(  အမေရိကန်ဒေါ်လာ  ၅၈၄  သန်း)ပေးဆောင်ခဲ့ရသည်။

 

ယခုနှစ်ဒုတိယနှစ်ဝက်တွင် စာချုပ်အသစ်အတွက် စေ့စပ်ဆွေးနွေးရန် နှစ်နိုင်ငံ မဟာမိတ်ခေါင်းဆောင်များ မျှော်မှန်းထားသည်။

 

ကိုရီးယားစစ်ပွဲ ၁၉၅၀-၁၉၅၃ နှင့် စစ်အေးကာလများ အတွင်း အမေရိကန်တပ်သား၂၈၅၀ဝ ခန့်ကို တောင်ကိုရီးယားတွင်  စခန်းချထားသည်။  တောင်ကိုရီးယားက ထည့်ဝင်သော ငွေကြေးကို တောင်ကိုရီးယားအခြေစိုက် အမေရိကန်တပ်စခန်းများတွင်  အလုပ်လုပ်နေသည့် တောင်ကိုရီးယားအရပ်ဘက် အလုပ်သမားများအတွက် လုပ်အားခရှင်းလင်းပေးရန်၊  အမေရိကန်စစ်အခြေစိုက စခန်းများအတွက်  ဆောက်လုပ်ရေးကုန်ကျစရိတ်နှင့် ကူညီထောက်ပံ့စရိတ်များအတွက်   အသုံးပြုလျက်ရှိကြောင်း သိရသည်။ 

 

ဆင်ဟွာ