၁၄ စက်တင်ဘာ

 

တောင်ကိုရီးယားနိုင်ငံတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၀၉ ဦး ထပ်မံတွေ့ရှိခဲ့ရာ ကူးစက်ခံရသူစုစုပေါင်း ၂၂၂၈၅ အထိ မြင့်တက်လာကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

 

ဩဂုတ်လ ၁၄ ရက်နေ့နောက်ပိုင်း နေ့စဉ်ကူးစက်သူဦးရေ ကိန်းဂဏန်းသုံးလုံး ထိရှိနေဆဲဖြစ်သော်လည်း ၁၂ ရက်ဆက်တိုက် နေ့စဉ်ကူးစက်သူဦးရေမှာ ၂၀၀ အောက်ရှိသည်။

 

ဩဂုတ်လ ၁၅ ရက်နေ့က ဆိုးလ်မြို့လယ်ခေါင်တွင် ဖြစ်ပွားခဲ့သော ဆန္ဒပြပွဲနှင့် ဂျောင်ဂီပြည်နယ် အနီးဝန်းကျင် ခရစ်ယာန်ဘုရားကျောင်းများနှင့်ဆက်စပ်ပြီး အစုအပြုံလိုက်ကူးစက်မှုများ ဖြစ်ပေါ်ခဲ့သည်။

 

ထပ်မံကူးစက်ခံရသူများအနက် ၄၁ ဦးမှာ ဆိုးလ်မြို့တွင် နေထိုင်သူများ ဖြစ်ပြီး ၃၀ မှာ ဂျောင်ဂီပြည်နယ်တွင် နေထိုင်သူများ ဖြစ်သည်။ ၁၁ ဦး မှာ ပြည်ပမှပြန်လာသူများဖြစ်ရာ စုစုပေါင်း  ၃၀၁၄ ဦး အထိရှိလာသည်။

 

ရောဂါကူးစက်ခံရမှုကြောင့် ငါးဦး ထပ်မံသေဆုံးကြောင်း အတည်ပြုထားပြီး သေဆုံးသူပေါင်း ၃၆၃ ဦး ရှိသည်။ စုစုပေါင်း သေဆုံးမှုနှုန်းမှာ ကူးစက်ခံရသူဦးရေ စုစုပေါင်း၏ ၁ ဒသမ ၆၃ ရာခိုင်နှုန်း ရှိသည်။

 

ကူးစက်ခံရပြီးနောက် ရောဂါပိုးကင်းစင်လာသဖြင့် သီးသန့်ထားရာနေရာမှ ၂၆၃ ဦး ထပ်မံ ထွက်ခွာခွင့်ရရှိခဲ့ရာ ရောဂါပိုးကင်းစင်လာသူပေါင်း ၁၈၄၈၉ ဦး ရှိလာသည်။ စုစုပေါင်း ရောဂါပိုးကင်းစင်လာမှုနှုန်းမှာ ၈၂ ဒသမ ၉၇ ရာခိုင်နှုန်းရှိသည်။

 

ဇန်နဝါရီ ၃ ရက်နေ့ကတည်းက လူဦးရေ ၂ ဒသမ ၁၅ သန်းကျော်ကို စမ်းသပ်စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ၂၇၄၇၆ ဦးကို စမ်းသပ်စစ်ဆေးမှုလုပ်ဆောင်နေဆဲ ဖြစ်သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို