သံတွဲခရိုင် တောင်ကုတ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သော အခြေခံဆိုင်ကယ်စက်ပြင် သင်တန်းဆင်းပွဲကို ယနေ့နံနက် ၉ နာရီတွင် တောင်ကုတ်မြို့နယ် ကမ်းဒေးကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် တောင်ကုတ်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်က သင်တန်းဆင်း အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်ကြည်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များကို သင်တန်းသားများထံ ပေးအပ်ပြီး သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
အဆိုပါသင်တန်းသို့ တောင်ကုတ်မြို့နယ် သက္ကယ်ပြင်၊ ညောင်ဖောက်၊ ချောင်းသုံးခွ၊ ဘာယေနှင့် ရွာပကာ စသည့် ကျေးရွာများမှ သင်တန်းသား ၂၅ ဦး တက်ရောက်ကြပြီး ၁၄ ရက်ကြာ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချခဲ့ကြောင်း သိရသည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်နှင့် အိုးမကွာအိမ်မကွာဖြင့် မိမိတို့ဒေသတွင် အလုပ်လုပ်ကိုင်နိုင်ရန် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
သတင်း- ကိုမင်း၊ ဓာတ်ပုံ- သံတွဲ(ပြန်/ဆက်)