နေပြည်တော် ၁၀ ဇန်နဝါရီ

 

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်၌ ဇန်နဝါရီ ၇ ရက်က လက်လုပ်မိုင်း နှစ်လုံးပေါက်ကွဲသဖြင့် အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

တောင်ကုတ်မြို့နယ် ကင်းခြေကျေးရွာအနီး အမ်း-ကျောက်ဖြူသွား ကားလမ်း၌ ဇန်နဝါရီ ၇ ရက် နံနက် ၁၁ နာရီ မိနစ် ၄၀ ခန့်က ဧရာဝတီတိုင်း ဒေသကြီး ကြံခင်းမြို့နေ ဦးအောင်မောင်း မောင်းနှင်ပြီး ယာဉ်အကူ ဦးမြင့်ဦး ၄၉ နှစ် လိုက်ပါလာသည့် 5C/xxxx TE ၆ ဘီးယာဉ်သည် ပြည်မြို့မှ ကျောက်ဖြူ မြို့သို့ အိမ်သုံးပစ္စည်း၊ စားသောက်ကုန်များနှင့် ဘိလပ်မြေအိတ်များ ပို့ဆောင်ပြီး ပြည်မြို့သို့ ပြန်လည်ထွက်ခွာလာစဉ် ကင်းခြေကျေးရွာနှင့် မအီမြို့ကြား မိုင်တိုင် အမှတ်(၄၄/၇) အရောက် လမ်းယာဘက်ခြမ်း လေးပေခန့်အကွာမှ လက်လုပ်မိုင်း နှစ်လုံးပေါက်ကွဲခဲ့ကြောင်း၊ မိုင်းပေါက်ကွဲမှုကြောင့် ယာဉ်၏ယာဘက်လေကာ မှန်ကွဲကြေပျက်စီးပြီး ယာဉ်အကူဦးမြင့်ဦး၏ ညာဘက်နားရွက်တွင် ဒဏ်ရာများ ရရှိခဲ့သဖြင့် မအီနယ်မြေရဲစခန်း၌ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ရဲပြန်ကြား