စစ်တွေ   ဇန်နဝါရီ   ၂၇

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်သည် ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဦးစောထွန်းအောင်မြင့်၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ဗိုလ်ချုပ်ထင်လတ်ဦး၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ အကြံပေးအဖွဲ့ အဖွဲ့ဝင် ဒေါက်တာ ရင်ရင်နွယ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီ ၂၇ ရက် နံနက်ပိုင်းက တောင်ကုတ်တက္ကသိုလ်ဖွင့်ပွဲသို့ တက်ရောက်ကြသည်။

ရှေးဦးစွာ တောင်ကုတ်တက္ကသိုလ် မုခ်ဦးအား ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေးအဖွဲ့ အဖွဲ့ဝင် ဒေါက်တာ ရင်ရင်နွယ်၊ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ တောင်ကုတ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသန်းထွဋ်လွင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။ ဆက်လက်၍ တောင်ကုတ်တက္ကသိုလ် မုခ်ဦးအား နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်က စက်ခလုပ်နှိပ်ဖွင့် လှစ်ပေးသည်။ ယင်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒေါ်အေးနုစိန်နှင့် တာဝန်ရှိသူများက တောင်ကုတ်တက္ကသိုလ်ဆိုင်းဘုတ်အား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြသည်။

ထို့နောက် တောင်ကုတ်တက္ကသိုလ် ဘက်စုံသုံးခန်း၌ အခမ်းအနား ဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်က “ရခိုင်ပြည်နယ်အတွက် အားထားရသည့် တက္ကသိုလ်အသစ်ကြီး ရရှိသည့်အတွက်လည်း အလွန်ပင် ဝမ်းမြောက်ဂုဏ်ယူရပါကြောင်း၊ ရခိုင်ပြည်နယ်၏ လိုအပ်နေသည့် လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်သည်အတွက် အားရကျေနပ်စရာ ကောင်းလှပါကြောင်း၊ တောင်ကုတ် မြို့သည်လည်း အချိန်တိုတိုအတွင်း တိုးတက်စည်ပင်လာသည်ကို မြင်တွေ့လာရပါကြောင်း၊ နိုင်ငံတစ်ဝန်း မြို့ရွာများ ယခုကဲ့သို့ စည်ပင်သာယာအောင် နိုင်ငံ့ဝန်ထမ်းများ၊ မြို့ခံလူထုနှင့်အတူ ပညာရှင်များ ပူးပေါင်းလုပ်ဆောင်ကြလျှင် မလွဲဧကန် ဖွံ့ဖြိုးလာမှာ အမှန်ပင်ဖြစ်ကြောင်း၊ ကျရာတာဝန် ထမ်းဆောင်ရန် ရောက်ရှိလာကြသည့် ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများကလည်း မိမိတို့တာဝန်ကျရာဒေသ ဖွံ့ဖြိုးတိုးတက်အောင် စေတနာထား ဝိုင်းဝန်းကြိုးပမ်း လုပ်ဆောင် ပေးကြရန် လိုကြောင်း၊ ဒေသအကျိုး နိုင်ငံ့အကျိုး ဆောင်နိုင်မည့် လူရည်လူမွန်များ မွေးထုတ်ပေးနိုင်သည့် တက္ကသိုလ် ဖြစ်ပေါ်လာပါ စေဟုလည်း ဆန္ဒပြလိုပါကြောင်း” ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက အမှာစကားပြောကြားပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၏ အကြံပေးအဖွဲ့ အဖွဲ့ဝင် ဒေါက်တာ ရင်ရင်နွယ်က University reforms – Lessons From International  experience ခေါင်းစဉ်ဖြင့် ဟောပြောကာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်က အမှာစကား ပြောကြားကြသည်။

ယင်းနောက် တောင်ကုတ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ သန်းထွဋ်လွင်နှင့် မြို့မိ၊ မြို့ဖ ဦးကျောက်တောင်တို့က ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြသည်။  ထို့နောက် တောင်ကုတ် တက္ကသိုလ် ပါမောက္ခချုပ်က တက္ကသိုလ်ဖွင့်ပွဲအထိမ်းအမှတ် ကျောက်စီပန်းချီကားများအား နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများအား ပေးအပ်ပြီး ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ရိုးမရိပ်ခို တောင်ကုတ် တက္ကသိုလ်၊ ပန်းတိုင်းပွင့်ပါစေ၊ ဝေသာလီ၊ ရခိုင်တို့မြေ လာခဲ့လေ တေးသီချင်း ယိမ်းအကများဖြင့် ကပြဖျော်ဖြေ တင်ဆက်ကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်နှင့် ဒုတိယဝန်ကြီးတို့က တောင်ကုတ်တက္ကသိုလ်သို့ ပြည်ထောင်စု တိုင်းရင်းသားမဂ္ဂဇင်းစာအုပ်များ လှူဒါန်းပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် တာဝန်ရှိ သူများက ကပြဖျော်ဖြေတင်ဆက်ကြသည် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြသည်။ ဆက်လက်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများသည် တောင်ကုတ်တက္ကသိုလ်၏ လှုပ်ရှားဆောင်ရွက်မှု ပြခန်းနှင့် တက္ကသိုလ် ဘာသာရပ်ဆိုင်ရာ ပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့ကြ ကြောင်းသိရသည်။

တင်ထွန်း(ပြန်/ဆက်)