တောင်ငူ ၅၂ မြို့ ရှာပုံတော်

သောင်းကေတု

ပထမမြန်မာနိုင်ငံ ပုဂံမင်းဆက် ပျက်သုဉ်းပြီးနောက်ပိုင်းတွင် သူတလူငါတမင်းဖြင့် မြန်မာနိုင်ငံ ဒေသအသီးသီး၌ မြို့ပြနိုင်ငံများ ပေါ်ထွန်းလာခဲ့ကြသည်။ မြင်စိုင်း၊ ပင်းယ၊ အင်းဝ၊ ဟံသာဝတီ၊ တောင်ငူ စသဖြင့် တထီးတနန်း စံမြန်းခဲ့ကြသည်။ အေဒီ ၁၅ ရာစုတွင် တောင်ငူမင်းဆက်ကို တည်ထောင်သူ မင်းကြီးညိုက တောင်ငူဒေသတစ်ဝိုက်ကို စည်းရုံးသိမ်းသွင်းကာ မြန်မာတစ်ပြည်လုံးကို ပြန်လည်စုစည်းရန် စတင်လုပ်ဆောင်ခဲ့သည်။ သားတော် တပင်ရွှေထီး၊ ဘုရင့်နောင်တို့လက်ထက်တွင် မြန်မာတစ်ပြည်လုံးသာမက ယိုးဒယား၊ လင်းဇင်း ၊ မဏိပူရတို့ကိုပါ သြဇာလွှမ်းမိုးခဲ့သည်။ ဘုရင့်နောင်ကို ဆက်ခံသူသားတော် နန္ဒဘုရင်လက်ထက်တွင် အုပ်ချုပ်မှု ညံ့ဖျင်းသောကြောင့် နိုင်ငံပြိုကွဲခဲ့ရသည်။ ဘုရင့်နောင်၏ သားတော်တစ်ပါးဖြစ်သော ညောင်ရမ်းမင်းက ပြန်လည်စည်းရုံးသိမ်းသွင်းကာ ဘုရင့်နောင်၏အရိုက်အရာကို ထိန်းသိမ်းနိုင်ခဲ့သည်။

ထိုအချိန်မှစ၍ တောင်ငူ၊ ပဲခူး စသောမြို့ကြီးများမှာလည်း မင်းညီမင်းသား၊ ဘုရင်ခံ၊ မြို့ဝန်တို့အုပ်ချုပ်သော မြို့များအဖြစ်သို့ ကျဆင်းလာခဲ့သည်။ ညောင်ရမ်းခေတ် ပင်းတလဲမင်းလက်ထက်တွင် ညီတော်မင်းရဲကျော်ထင်ကို လည်းကောင်း၊ မင်းရဲဇေယျသူရကို ပြည်မင်းလက်ထက်တွင်လည်းကောင်း၊ မင်းရဲကျော်ထင်လက်ထက်တွင် မင်းရဲနရသီဟ ကိုလည်းကောင်း၊ စနေမင်းလက်ထက်တွင် မင်းရဲကျော်ထင်၏သားတော် နေမျိုးဒတ္ထကိုလည်းကောင်း၊ ဟံသာဝတီရောက်မင်း လက်ထက်တွင် တောင်ငူရာဇာကိုလည်းကောင်း တောင်ငူမြို့၏ ဘုရင်ခံအဖြစ် ခန့်အပ်ခဲ့သည်။ ကုန်းဘောင်ခေတ်တွင် အလောင်းဘုရား၏ ညီအရင်း သတိုးသင်္ခသူ (ဦးရွှေကြူ) ကို တောင်ငူဘုရင်ခံအဖြစ် ခန့်အပ်ခဲ့သည်။ နောင်တော်ကြီး လက်ထက်တွင် ပုန်ကန်သဖြင့် ဖယ်ရှားခံရသည်။ ဘိုးတော်ဘုရား၏ တတိယသားတော် သတိုးဓမ္မရာဇာ (ဦးရွှေပုံ) ကို တောင်ငူဘုရင်ခံအဖြစ် ခန့်အပ်ခဲ့သည်။ ထို့နောက်ပိုင်းတွင် တောင်ငူကို သာမန်မြို့ဝန်များသာ အုပ်ချုပ်ကြသည်။

တောင်ငူမြို့မှ စီမံခန့်ခွဲသော နယ်မြေ ၅၂ ခုရှိသည်။ ကေတုမတီ တောင်ငူ ၅၂ မြို့ဟု ခေါ် ကြသည်။ အလားတူပင် ဟံသာဝတီ ၃၂ မြို့ ၊ မုတ္တမ ၃၂ မြို့ ၊ ပုသိမ် ၃၂ မြို့ ၊ ဇင်းမယ် ၅၇ မြို့ဟု အုပ်ချုပ်စီရင်ရသော နယ်မြေအပိုင်းအခြားကို ဖော်ပြကြသည်။ တောင်ငူ ၅၂ မြို့မှာ မြောက်ဘက်အစွန်ဆုံး ညောင်လွန့် (ရမည်းသင်းတောင်ဘက်)၊ တောင်ဘက်အစွန်ဆုံး မင်းရဲလှမြို့ (ညောင်လေးပင်မြို့နယ် တော်ဝိအနီး) အထိ ကျယ်ဝန်းသည်။ ယခုတောင်ငူခရိုင် နှစ်ဆခန့် ကျယ်ဝန်းသည်။

တောင်ငူ ၅၂ မြို့တွင် ပါဝင်သောမြို့များမှာ အရှေ့မြောက် ထောင့်တွင် (၁) ခရင်းမြို့ ၊ (၂) တောင်တွင်းမြို့၊ (၃) မင်းမူးမြို့ ၊ (၄)နေရဗန်မြို့ ၊ (၅) ကမ်းနီမြို့ ၊ အရှေ့တောင်ထောင့်တွင် (၁) ရှားစေးမြို့ ၊ (၂) ကသောင်းတောင်မြို့ ၊ (၃) မြို့သစ် မြို့ ၊ (၄) ကုလားမြို့ ၊ (၅) မင်းတပ်မြို့ ၊ (၆) မုန်းမြို့ ၊ (၇) ကြောင်ပြာမြို့ ၊ (၈) ကျောက်မော်မြို့ ၊ (၉) ဝတီးမြို့ ၊ (၁၀) ဆည်မြောင်းမြို့ ၊ (၁၁) ရွှေလွန်တောမြို့ ၊ (၁၂) ဗာရာဏသီမြို့ ၊ တောင်မျက်နှာ တွင် (၁) ကျောက်စောင်းမြို့ ၊ (၂) စမ္ပါဝတီ မြို့ ၊ (၃) မြယာဝတီ မြို့ ၊ (၄) အနန်းဘော်မြို့ ၊ (၅) ကျောက်စရစ်မြို့ ၊ (၆) မင်းရဲလှ မြို့ ၊ (၇) ကမ္ဘောစသာတီမြို့ ၊ (၈) ဇေယျဝတီမြို့ ၊ (၉) တုံခန်းမြို့ ၊ အနောက်မျက်နှာတွင် (၁) ဓညဝတီမြို့ ၊ (၂) အောင်ကလိန်မြို့ ၊ (၃) ပပဲမြို့ ၊ အနောက်မြောက်ထောင့်တွင် (၁) လုံရမ်းမြို့ ၊ (၂) အောင်သာမြို့ ၊ (၃) စိုင်မြို့ ၊ (၄) တောင်ညိုမြို့ ၊ (၅) ကြက်သားမြို့ ၊ (၆) ငနွယ်ကုန်း (ဝါးနွယ်ကုန်း) မြို့ ၊ (၇) ဝက္ကမူ မြို့ ၊ (၈) ပြကောင်းမြို့ (ကျည်တောင်)၊ (၉) အိုင်ပုမြို့ ၊ (၁၀) ကူသပိတ်မြို့ ၊ (၁၁) သိုမြို့ ၊ မြောက်မျက်နှာတွင် (၁) ဘင်ပြည် မြို့ ၊ (၂) ကြက်ခြေမြို့ ၊ (၃) သံလွင်မြို့ ၊ (၄) သာဂရမြို့ ၊ (၅) နောင်ပြင်မြို့ (ရန်အောင်မြင်)၊ (၆) ရွှေမြို့ ၊ (၇) ကစိန်အင်း (ငါးစိမ်းအင်း)မြို့ ၊ (၈) စအုံမြို့ ၊ (၉) နင်းကြမ်းမြို့ ၊ (၁၀) ကင်းသာမြို့ ၊ (၁၁) မြို့လှမြို့ ၊ (၁၂) ကျောက်ချပ်

ထက်ပါ မြို့ရံ ၅၂ မြို့ တောင်ငူရာဇဝင်တွင် ဖော်ပြသော တောင်ငူ ၅၂ မြို့ ဖြစ်သည်။

တောင်ငူစစ်တမ်း ၁၁၄၆ ခုနှစ် တောင်ငူ ၅၂ မြို့ဝင် မြို့ ရွာများကို ဖော်ပြထားရာ စုစုပေါင်း ၃၆ ခုကို တွေ့ရှိရသည်။ အချို့ မြို့ရွာအမည်သစ်များပါဝင်လာပြီး တချို့လည်း ပျောက်ကွယ်နေသည်။ တောင်ငူ ၅၂ မြို့ မြောက်ပိုင်းသည် ယခု နေပြည်တော်ဧရိယာတွင် ပါဝင်သော တပ်ကုန်း၊ ပျဉ်းမနား၊ လယ်ဝေးတစ်ဝိုက်တွင် ရှိသည်။ ညောင်လွန့်၊ တလိုင်းသေ၊ ရွှေမြို့ ၊ တောင်ညို၊ ကြည်တောင် (ကျည်တောင်)၊ ကျောက်ချက်၊ မင်းပြင်၊ ဝါးနွယ်ကုန်း (မင်းမကြီး)၊ ကြက်သား (လယ်မ)၊ တပ်တော်သာ ၁၀ မြို့သူကြီးများ၏ ထွက်ဆိုချက်တွင် နယ်မြေအကျယ်အဝန်း၊ အခွန်ကောက်ခံပုံ၊ အုပ်ချုပ်ပုံ အသေးစိတ် ပါဝင်ပါသည်။ ကင်းသာအမည်ကို တွေ့ရသော်လည်း အသေးစိတ် မပါရှိပါ။

ဆွာမြို့ ၊ ကဲလင်း၊ ကွးံအုံ၊ မြောင်းတူးတို့မှာ ယခုရေတာရှည်မြို့နယ်တွင် ပါဝင်သည်။ စည်ပင်၊ ရေကြည်မြို့ ကြီး(ဓညဝတီ)၊ လယ်လှ၊ ဘာနှောင်း၊ ကန္နီ၊ မည်းဖြူ (သောက်ရေခပ်) တို့မှာ တောင်ငူ မြို့နယ်တွင် တည်ရှိသည်။ ဖွဲ့တိုင်း-ဘုမ္မတီး၊ တပြည်း(တပြေး)တို့မှာ ထန်းတပင်မြို့နယ်၊ ဗာရာဏသီ (အနော်ရထာ၏ ကင်း ၄၃ မြို့ဝင်) မှာ သံတောင်ကြီးမြို့နယ်၊ ကျောက်မှော်၊ ကျောက်ကြီး၊ ကပ်ကျေး၊ ကြောင်ပြာ၊ ဆည်မြောင်းမြို့များမှာ ယခုကျောက်ကြီး မြို့နယ်တွင် ရှိသည်။ ကင်းငယ်၊ ကံလှည့်၊ ဆားတောင်၊ ရေဖြူ၊ ချောင်းကာ၊ မည်းဟော် တို့မှာ အုတ်တွင်းမြို့နယ်တွင် တည်ရှိသည်။ ကျောက်စောင်း၊ ဇေယျဝတီမှာ ဖြူးမြို့နယ် တွင်လည်းကောင်း အနမ်းဘော်၊ တုံခန်း၊ ကျောက်စရစ်မြို့များမှာ ကျောက်တံခါး မြို့နယ်တွင်လည်းကောင်း၊ တောင်ဘက်အစွန်ဆုံးကျသည့် မင်းရဲလှမြို့သည် ညောင်လေးပင်မြို့နယ် တော်ဝိကျေးရွာအနီးတွင် တည်ရှိပါသည်။

ကျောက်မှော်၊ ကြောင်ပြာ၊ မင်းရဲလှ၊ တုံခန်းမြို့တို့မှာ မူလက ဟံသာဝတီ ၃၂ မြို့တွင် ပါဝင်သော်လည်း ကုန်းဘောင်ခေတ်တွင် တောင်ငူမြို့၏ အုပ်ချုပ်မှုအောက် တွင် ပါဝင်လာသည်။

တောင်ညိုမြို့

ယခု နေပြည်တော်-မကွေး-ကံပြားလမ်းအနီးတွင် တည်ရှိသော တောင်ညိုမြို့သည် ရေလွှဲ ငါးခရိုင်တွင် ပါဝင်ပြီး တောင်ငူခေတ် မင်းကြီးညိုလက်ထက်မှစကာ တောင်ငူပိုင်နက်တွင် ပါဝင်လာခဲ့သည်။ တောင်ငူ ၅၂ မြို့ဝင်မြို့လည်းဖြစ်သည်။ တောင်ငူရာဇဝင်တွင် တောင်ငူမြို့မြောက်ဘက် တာ ၃၀ဝ၀ဝ အကွာ တောင်ထိပ်ပေါ်တွင် ဂန္ဓပလ္လင်စေတီတည်ရှိကြောင်း သီရိဓမ္မာသောကမင်းကြီးက မြတ်စွာဘုရား၏ ညှပ်ရိုးတော်ဓာတ်ကို ဌာပနာကြောင်း ဖော်ပြထားသည်။ ၂၀၁၇ ခုနှစ်က တောင်ညိုကို အလည်ရောက်ခဲ့ရာတွင် ဂန္ဓပလ္လင်ဘုရားကို မထင်မှတ်ဘဲ ဖူးမြော်ခဲ့ရ၏။ နေပြည်တော်၊ သာယာကုန်းရွာအနီးတွင် တည်ရှိသော ဖိတ်ဖိတ်ရောင်စေတီကို သွားဖူးစဉ်က နန္ဒပေါ် မြို့ ဒုတိယနန်းစံ မော်ဇော်ကန္ဓုမင်းတည်ကြောင်း ကမ္ပည်း ကျောက်စာရေးထားသည်ကို ဖတ်ရ၏။ နန္ဒပေါ် မြို့တည်နေရာကို သိချင်နေ၏။ ဆရာကြီး ဦးပွားရေးသော တောင်ငူရာဇဝင်တွင် ပုဂံ နရပတိစည်သူမင်းကြီး တိုင်းခန်း လှည့်လည်ရာတွင် ဂန္ဓပလ္လင်ဘုရားကို ပြုပြင်မွမ်းမံပြီး နန္ဒပေါ် မြို့ကို မြစိမ်းတောင်ညိုဟု သမုတ်ခဲ့ကြောင်း၊ ထိုအခါမှစ၍ တောင်ညိုဟုတွင်ကြောင်း ဖော်ပြထားသည်။

ယခုအခါ တောင်ညိုမြို့သည် ဥတ္တရသီရိမြို့နယ်တွင် ပါဝင်သော ရပ်ကွက်တစ်ခု ဖြစ်လာသည်။ ၁၁၄၆ ခုနှစ် တောင်ငူစစ်တမ်းတွင် တောင်ညိုမြို့သူကြီး ငရွှေဝင်း အသက် ၂၇ နှစ်ကို မေးသော် အောက်ပါအတိုင်း ထွက်ဆိုသည်။ တောင်ညိုမြို့ကို အဘိုး ငထွန်းစံကျော် ကြီးစိုးသည်။ သူမရှိလျှင် သား ငဦးကြီး၊ ၎င်းနောက် ကျွန်တော် အုပ်ချုပ်သည်။ တောင်ညိုမြို့သည် အရှေ့ကို လေးတိုင်ကွာ ဘိုးစောင်းတောင်ရိုးအထိ တစ်ဖက် ရွှေမြို့မြေနှင့် ကြောကိုင်း၊ အရှေ့တောင်ကို ခုနစ်တိုင်ကွာ ဘိုးစောင်းတောင်အထိ၊ တစ်ဖက် ကြက်သားမြေနှင့် ကြောကိုင်း၊ တောင်ကို နှစ်တိုင်ကွာ ငလိုက်ချောင်းအထိ၊ တစ်ဖက်ကြက်သားမြေနှင့် ကြောကိုင်း၊ အနောက်တောင်ကို တာ တစ်သောင်း ကွာ ပလွေးအိုင်ဝန်းအထိ၊ တစ်ဖက် ရေလွှဲ ငါးခရိုင် သိုမြို့မြေနှင့် ကြောကိုင်း၊ အနောက် ကို ၁၄ တိုင်ကွာ ကုန်းခေါင်ရိုးမအထိ၊ တစ်ဖက် တောင်တွင်းကြီးမြေနှင့် ကြောကိုင်း၊ အနောက်မြောက် ကို ၁၄ တိုင်ကွာ အုတ်ပုံ၊ နစ်သားရုပ်၊ ကျောက်ခွက်၊ တစ်ဖက် ငလွမ်းကွမ်းပေးအထိ၊ တစ်ဖက်ပင်းမြေ၊ ရန်အောင်မြို့သစ်မြေနှင့် ကြောကိုင်း၊ မြောက်ကို ၁၄ တိုင်ကွာ၊ နတ်စင်ရေထွက်၊ ပန်းလုတောင်၊ နတ်ဒန်းတိုင်၊ အင်းပတ်လက်၊ ကြက်ပျောက်ကုန်းအထိ၊ တစ်ဖက် ရမည်းသင်းမြို့မြေနှင့် ကြောကိုင်း၊ ဤနယ်ရှစ်ရပ်အတွင်း ဂန္ဓပလ္လင်ဘုရားဝတ်မြေ အရှေ့နောက်တစ်တိုင် တောင်မြောက် တစ်တိုင်၊ ၎င်းမြေလုပ်သားတို့မှာ ကျွဲတစ်ရှဉ်းလျှင် စပါး ငါးတင်း၊ နွားတစ်ရှဉ်း လျှင် စပါး သုံးတင်း ဝတ်သိမ်းတို့က ကောက်ခံ၍ ဘုရားရှင်ကို လှူဒါန်းပြင်ဆင်ရသည်။

ယခု ဝတ်သိမ်းမရှိလျှင် သူကြီးက ကောက်ခံ၍ ဘုရားအနီးအပါးနေ ရဟန်းသူတော်တို့က ဘုရားရှင်ကို ပြင်ဆင်လှူဒါန်းသည်။ ကျန်မင်းမြေတွင် ကင်းလေးသားတို့က လုပ်ဆောင်သည်ကို အခွန်မခံရ။ အသည်အလာတို့လုပ်ဆောင်သည်မှာ ကျွဲတစ်ရှဉ်းလျှင် စပါး ၁၀ တင်း၊ ဝန်စား တစ်တင်း၊ ကြွက်စား တစ်တင်း၊ စာရေးတစ်ခွဲ၊ ကျီစိုး တစ်ခွဲ ၊ သူကြီး တစ်တင်း အခွန်တော်တို့ကို တောင်ငူ၊ ကျီတော်မှာ ချင်သွင်းရိုး အပေါ်ဝန် အကောက်အစား၊ တရားကွမ်းဖိုး စီရင်ကောက်စားရသည်များကို တောင်ငူရုံးမှာ ဆက်ရိုး၊ နယ်တွင်းနေ ကြေးပေး၊ ကြေးဆုံ၊ ကင်းလေးသားတို့မှာ တောင်ငူက အခန့်အထားကိုခံ၍ ခွဲခန့်ဆုံပေးထမ်းရွက်ရသည်ဟု စစ်တမ်းတွင် ဖော်ပြသည်။

ဤသည်မှာ တောင်ငူ ၅၂ မြို့ဝင် မြို့ရွာများနှင့် တောင်ငူစစ်တမ်းပါ တောင်ညိုမြို့အကြောင်း ဖြစ်ပါသည်။ ကျန်မြို့ ရွာများကိုလည်း အလျဉ်းသင့်သလို ဖော်ပြသွားပါမည်။

ကျမ်းကိုး- တောင်ငူရာဇဝင် ( ဦးပွားတည်းဖြတ်) ၁၁၄၆ ခုနှစ်၊ တောင်ငူစစ်တမ်း (လက်ရေးမူ)