သောင်းကေတု
ကြာင်ပြာမြို့ဟောင်းကို ကျောက်ဖြာမြို့ဟောင်းဟုလည်း ခေါ်သည်။ ဟံသာဝတီ ၃၂ မြို့တွင် ပါဝင်သော်လည်း မင်းကြီးညိုလက်ထက်တွင် တောင်ငူပိုင်နယ် ဖြစ်လာသည်။ တောင်ငူခရိုင် ကျောက်ကြီးမြို့နယ်တွင် ပါဝင်ပြီး တောင်ငူ-မုပ္ပလင်လမ်းမှ အတွင်းသို့ တစ်မိုင်ခန့် ဝင်ရသည်။
၂၀ဝ၇ ခုနှစ်က မြို့ရိုးဟောင်းအတွင်းရှိ ဘုရားငုတ်တိုတစ်ဆူမှ ဂဝံရုပ်ပွားတော်များ၊ ရပ်တော်မူ ကြေးဆင်းတုတစ်ဆူ၊ ကြေးလင်ပန်းများ၊ အုတ်ခွက်ဘုရားများ ပေါ်ထွက်လာခဲ့သည်။ ဂဝံရုပ်ပွားတော် သုံးဆူကို ပြန်လည်တပ်ဆင်၍ ရသော်လည်း ဂဝံတုံး အများအပြားရှိနေပြီး ထိုနေရာမှ လက်ရေးစင်းပါသော အုတ်ချပ်များကိုလည်း တွေ့ရသည်။ အုတ်ချပ်များကို နှစ်ပရိစ္ဆေဒ မည်မျှကြာသည်ကို မသိရသော်လည်း အလေးချိန်မှာ ရှိသင့်သည်ထက် များစွာပေါ့နေသည်ကို တွေ့ရသည်။ ကြေးဆင်းတုမှာ ဉာဏ်တော် ၁၂ လက်မခန့်ရှိပြီး ဒေသစာရီကြွချီဟန်ပုံတော်ဖြစ်သည်။ နောက်ကြော တွင် ချိတ်ရန်ချိတ်ပါရှိပြီး ခြေတော်အစုံတွင်လည်း အောက်ခံပလ္လင်ကို စိုက်ရန်အချွန်ပါရှိသည်။ တွံတေးမြို့နယ် တံခွန်တိုင်ကျေးရွာတွင် တွေ့ရှိရသော ပေါ်တော်မူရုပ်ပွားတော် သုံးဆူနှင့် ပုံစံတူဖြစ်သည်။ အေဒီ ၇ ရာစုခေတ် လက်ရာဖြစ်သည်ဟုပညာရှင်တစ်ဦးက ဆိုသည်။
လေးထောင့်ပုံခံတပ်မြို့
ကောင်းကင်မြေပုံကို ကြည့်ပါက မြို့ရိုးမှာ လေးထောင့်ပုံသဏ္ဌာန်ရှိပြီး အရွယ်အစားသေးငယ်သည့် ခံတပ်မြို့တစ်ခုဖြစ်သည်။ အရှေ့ဘက်မြို့ရိုးသာ ထင်ရှားစွာ ကျန်ရှိပြီး တောင်ဘက်ကျုံးကျန်နေသေးသည်။ ယခုကြောင်ပြာရွာမှာ မြို့ကွက်အရှေ့ဘက် မြို့ပြင်တွင်ရှိသည်။ အရှေ့ဘက်မြို့ရိုးပေါ်တွင် ကြောင်ပြာအရှင်ကြီး နတ်ကွန်းနှင့် အခြားနတ်ကွန်းများ တည်ထားသည်။ ရှေးအခါက ကြောင်ပြာ ဘိုးဘိုးကြီးနတ်ကို ဒေသခံများက ကြောက်ရွံ့ရိုသေကြသည်။ မြို့အရှေ့ဘက်တွင်နရပတိစည်သူမင်းတည်ခဲ့သော ဖောင်တော်ဦးစေတီနှင့် ဘုရား ငုတ်တို အများအပြား ရှိသည်။ ကြောင်ပြာမှ အရှေ့ဘက် တစ်မိုင်ခန့်အကွာတွင် မွေတော်စေတီများရှိသည်။ နောင်တော်နှင့် ညီတော်စေတီတော်များမှာ တောင်ကုန်းနှစ်ခု၏ တောင်ထိပ်တွင်တည်ရှိပြီး မယ်တော်စေတီမှာ မြေပြန့်တွင်ရှိသည်။ ဘုရားအလောင်းကြက်မင်းဘဝက ကျက်စားခဲ့သောနေရာဟု ဒေသခံများက ယုံကြည်ကြသည်။ ညီတော်စေတီတောင်အတက်တွင် ဂဝံကျောက်တုံးများကို လှီးဖြတ်ပြီး လက်ရန်းပါသော လှေကားထစ်ကြီးများမှာ ခံ့ညားထည်ဝါလှသည်။ ဂဝံကျောက်လှည်းဘီးကဲ့သို့ အလယ်တွင် အပေါက်ပါသော ကျောက်တုံးများလည်းရှိသည်။ တောင်ငူခေတ်က မင်းကြီးညိုသည်ကြောင်ပြာစော်ဘွားနှင့် စီးချင်းထိုးရာတွင် အနိုင်ရပြီး သိမ်းယူရရှိသော ဆင်ကို "မင်းကိုယ်တိုင်ရ" ဟု ဘွဲ့ပေးခဲ့ကြောင်း တောင်ငူသမိုင်းတွင် ဖော်ပြခဲ့သည်။ ယခင်က ကြောင်ပြာကို ယောမင်းတပ်ဟုလည်းခေါ်သည်။
သက္ကရာဇ် ၁၁၄၆ ခုနှစ် ဘိုးတော်ဘုရားလက်ထက် ကောက်ယူသော စစ်တမ်းတွင် ကြောင်ပြာယောမင်းတပ်သူကြီး ငဖြူက အောက်ပါအတိုင်း ထွက်ဆိုခဲ့သည်။
နယ်မြေပိုင်ဆိုင်မှုနှင့် အခွန်အကောက်
သူ၏ အဘိုးငချစ်လှ၊ ငသက်ရှည်နှင့် မြေးငမြူတို့အစဉ်အတိုင်း အုပ်ချုပ်ခဲ့ပါသည်။ နယ်မြေအကျယ်အဝန်းမှာ အရှေ့ကို တာ ၁ဝဝဝဝ နှင့် လေးတိုင်အကွာ ဆတ်တရာ လူးမူဒီ၊ အရိုးတောင်အထိ၊ အရှေ့တောင်တာ ၁၀ဝဝဝ အကွာ ကတ်ကြေး ရေတံခွန်အထိ၊ တောင်ကို ငါးတိုင်အကွာ ကျောက်သုံးလုံး စမ်းချောင်းအဝ၊ ကတ်ကြေးမြေနှင့် ကြောခိုင်း၊ အနောက်တောင် ငါး တိုင်အကွာ ကျောက်စရစ်မြေနှင့် ကြောခိုင်း၊ မျက်ရဲဘုရားငုတ်တို၊ အင်သုံးပင်၊ ဆေးပုလဲရွာအထိ၊ အနောက်လေးတိုင်အကွာ ဇေယျဝတီမြေနှင့် ကြောခိုင်း ကညင်ဒိုင်းအထိ၊ အနောက်မြောက် ရှစ်တိုင်အကွာ ဘွဲဒိုင်းမြေနှင့် ကြောခိုင်း၊ ကြက်တိုက်ညောင်ပင်၊ ခုံညင်း တန်းနှင့် ကုလားသေချောင်းဝအထိ မြောက်ဘက်တာ ၁၀ဝဝဝ အကွာ မဲဘလံမြေနှင့် ကြောခိုင်း၊ မဲခွချောင်း အထိ၊ အရှေ့မြောက် တာ ၁၀ဝဝဝ နှင့် နှစ်တိုင်အကွာ မဲဘလံမြေနှင့် ကြောခိုင်း၊ ဖောလောတောင်၊ သရက်ဒိုး အထိ ကျယ်ဝန်းပါသည်။ ဤနယ် ရှစ်ရပ်အတွင်း စပါးစိုက်သူများက ကျွဲတရှဉ်းထွန် ၁၀ ဧက လျှင် စပါး ၁၀ တင်း၊ တောင်ယာစိုက်သူများက စပါး (နှစ်တင်းနှင့် နှစ်ပြည်) အခွန်ထမ်းဆောင်ရသည်။ အခွန်စပါးများကို မြို့ဝန် တစ်တင်း၊ မြို့စာရေး တစ်ခွဲ၊ ကျီအုပ်ချုပ်သူ တစ်တင်း၊ ဒေသရုံး အတွက် တစ်တင်း၊ ကြွက်စား အလေအလွင့် တစ်တင်း၊ တာလီစာရေး တစ်စိတ်ခွဲဝေယူကြသည်။ ကျန်စပါးများကို တောင်ငူရုံးတော်သို့ ဆက်သွင်းရကြောင်း၊ ထင်းခုတ်သူများက သစ်တစ်လုံး ၁၀ ကျပ်နှင့် ၊ လှေအသစ် ပြုလုပ်လျှင် တစ်စီးကို၁၀ ကျပ်၊ ကိုင်းစိုက်သူများကို ဓားမတစ်စင်းလျှင် ငါးမူး၊ ငါးဖမ်းလုပ်ငန်းဆည်တစ်ခုလျှင်နှစ်ကျပ်၊ ငါးထောင်ချောက်တစ်ခုလျှင် တစ်ကျပ်နှုန်း အခွန်ကောက်ပါသည်။ ကရင်လူမျိုးများက နှစ်စဉ်ကွမ်းသီးပိဿာ ၂၀ဝ အခွန်ဆက်ရသည်။ မြို့စားရှိလျှင်မြို့စားက ကောက်ယူပြီး မြို့စားမရှိပါက သူကြီးက ကောက်ယူပြီး တောင်ငူမြို့ရုံးတော်သို့ဆက်သွင်းရကြောင်း ထွက်ဆိုသည်။ (၁-၅-၁၇၈၄ တောင်ငူစစ်တမ်းမှ)
Burmes Sitan စာအုပ်တွင် ကြောင်ပြာ၊ ကျော်မော်၊ ကျောက်စရစ်၊ မင်းရဲလှမြို့များကို ဟံသာဝတီ ၃၂ မြို့ စာရင်းတွင် ဖော်ပြသော်လည်း မြို့သူကြီး၊ ရွာသူကြီးများက အခွန်ကောက်ခံပေးဆက်ခြင်း၊ စစ်မက်ရေးရာကိစ္စများ ပေါ်ပေါက်လာပါက တောင်ငူမြို့ဝန်၏ စီမံခန့်ခွဲရာတွင် နာခံရခြင်း၊ စပါးနှင့် အခြားအခွန်(ဥပမာ-ကွမ်းသီး၊ ယိုစုံ၊ ငါးချဉ်၊ သဇင်ပန်း၊ လောင်းပန်း၊ ဂမုန်းအင်း) အခြား အခွန်များကို တောင်ငူမြို့ ရုံးတော်မှတစ်ဆင့် ပေးဆက်ရကြောင်း ထွက်ဆိုထားသည်ကို တွေ့ရသည်။ တောင်ငူ ၅၂ မြို့တွင် မြောက်ဘက်အစွန်းဆုံး ညောင်လွန့်၊ တလိုင်းသေ၊ ရွှေမြို့၊ ကင်းသာမှ တောင်ဘက်အစွန်ဆုံး မင်းရဲလှ၊ ကျောက်စရစ်၊ ကျောက်မော်မြို့များအထိ ပါဝင်သည်ကို အဆိုပါစာအုပ်တွင် တွေ့ရှိရသည်။
ကျေးရွာတစ်ရွာအဖြစ်သာ တည်ရှိနေ
သို့ရာ တွင် အချို့မြို့ ရွာများမှာ ပျောက်ကွယ်နေပြီး အချို့မှာ အမည်သစ်များဖြင့်တည်ရှိနေသည်ကို တွေ့ရသည်။ ကြောင်ပြာ(ယောမင်းတပ်) ကျောက်စရစ် (ကျောက်တံခါး)၊ ကျောက်မော်၊ ကျောက်ကြီး၊ ကျောက်စောင်း(ဖြူးမြို့နယ်)တို့ကို ကျောက်မော်ငါးမြို့ဟုခေါ်ကြောင်း ရှေးဟောင်းခေါင်းလောင်းစာတစ်ခုတွင် တွေ့ရသည်။ ယခုအခါတွင် ကြောင်ပြာမြို့ဟောင်းသည် မဲဘုတ်ကျေးရွာအုပ်စု ကျောက်ကြီး မြို့နယ်တွင် တည်ရှိသော ကျေးရွာတစ်ခုဖြစ်သည်။ ယခင်က နယ်မြေမအေးချမ်းသဖြင့်သွားလာရေးခက်ခဲသော်လည်း ယခုအခါ ငြိမ်းချမ်းရေးရပြီဖြစ်သဖြင့် အလွယ်တကူသွားရောက်နိုင်ပါသည်။ ထိုဒေသရှိ ရှေးဟောင်းအမွေအနှစ်ဖြစ်သော စေတီပုထိုး များ၊ မြို့ရိုးများကို ထိန်းသိမ်းစောင့်ရှောက်သင့်ပါကြောင်း တင်ပြလိုက်ရပါသည်။
မြန်မာ့အလင်း