နေပြည်တော် ၁၉ မတ်
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ လေကြောင်းရန်ကာကွယ်ရေးတပ်ရင်းနှင့် သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် မတ် ၁၅ ရက်တွင် တောင်ငူမြို့နယ် ခပေါင်းကြိုးဝိုင်းအတွင်း၌ တရားမဝင်သစ်စက် အင်ဂျင်(၂)လုံးအပါအဝင် ဆက်စပ်ပစ္စည်းများနှင့် တရားမဝင်ကျွန်း/ ပျဉ်းကတိုးသစ် (၃၂)လုံး (၈ ဒသမ ၉၃၆)တန် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့အတူ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်အတွင်း မတ် ၁၆ ရက်တွင် ရှာဖွေစစ်ဆေးရာ မြောင်းမြမြို့နယ်၊ တောင်ကလေးကျေးရွာအုပ်စု ပိန္နဲကုန်းကျေးရွာရှိ ခွေးလေးချောင်းအတွင်း၌ တရားမဝင်တောင်သရက်ခွဲသား (၅၂)ချောင်း (၇ ဒသမ ၂၆၂၂) တန် ဖမ်းဆီးရမိပြီး ယင်းနေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၁၆၁/၁)နှင့် (၁၆၁/၂)ကြားနေရာ၌ HIACE ယာဉ်ပေါ်မှ တရားမဝင်ကျွန်းခွဲသား(၃၆)ချောင်း (၄ ဒသမ ၅၁၅၄) တန် ဖမ်းဆီးရမိခဲ့သည်။
အလားတူ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် မတ် ၁၈ ရက်တွင် ကျောင်းကုန်းကျေးရွာ အနောက်တောင်ဘက် တောစပ်နေရာ၌ တရားမဝင်သစ်မာ သစ်လုံးမျိုးစုံ (၁၆၅)လုံးနှင့် ကန့်ကော်-ဥယျာဉ်ရွာသွား လမ်းအနီး လျှိုအတွင်း၌ တရားမဝင် ပိတောက် ဓါးရွေ ခန့်မှန်း (၁၂၀)တုံးခန့်တို့အား (ပိုင်ရှင်မဲ့) ဖမ်းဆီးရမိခဲ့ပြီး ပြစ်မှုကျူးလွန်သူများနှင့် ဆက်စပ်သူများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
မောင်လူမော်
