တောင်ငူ ဧပြီ ၂၀ 

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တောင်ငူခရိုင်ရုံးအနေဖြင့် လူငယ်များ ဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အချိန်ကို အကျိုးရှိစွာဖြင့် အသုံးချတတ်စေရန် ရည်ရွယ်၍ ဗဟုသုတတိုးပွားစေမည့် စာအုပ်စာပေများကို တောင်ငူခရိုင် ပြည်သူ့စာကြည့်တိုက်အတွင်း ခင်းကျင်းပြသထားလျက်ရှိရာ ယနေ့ နံနက်ပိုင်းက လူငယ်များ လာရောက်လေ့လာ ဖတ်ရှုကြသည်။

ထိုသို့ လာရောက်လေ့လာဖတ်ရှုသည့် လူငယ်များကို တောင်ငူခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေမိုးက   ပြင်ပဗဟုသုတများရရှိနိုင်မည့် စာအုပ်စာပေများကို  ငယ်စဉ်ကပင် ဖတ်ရှုကြစေလိုကြောင်း၊ သို့မှသာ နောင်တစ်ချိန် အနာဂတ်တွင် တိုင်းပြည်အကျိုး သယ်ပိုးထမ်းရွက်နိုင်မည့် ဗလငါးတန်နှင့် ပြည့်စုံသည့် နိုင်ငံ့သားကောင်း သမီးကောင်းများ ဖြစ်လာမည်ဖြစ်ပါကြောင်း၊ လူငယ်များအနေဖြင့် ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကို ချစ်မြတ်နိုး တန်ဖိုးထားတတ်အောင် အသိပညာအတတ်ပညာများကို လေ့လာဆည်းပူးကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ တောင်ငူမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌမှ ပြည်သူ့စာကြည့်တိုက်အတွင်း လာရောက်လေ့လာဖတ်ရှုကြသည့် လူငယ်များကို နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အချိန်ကိုအကျိုးရှိစွာဖြင့်  စာကြည့်တိုက်ကို အကျိုးရှိစွာ အသုံးချတတ်စေရန် အားပေးစကားများ ပြောကြားသည်။

တောင်ငူခရိုင် ပြန်/ဆက် ဦးစီးဌာနအနေဖြင့် လူငယ်ဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပြီး ယခုလအတွင်း လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အခြေခံကွန်ပျူတာသင်တန်း၊ အင်္ဂလိပ်စာသင်တန်းများကို နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၅ နာရီခွဲအထိ အတန်းချိန်အလိုက် ဖွင့်လှစ်ထားလျက်ရှိရာ ကျောင်းသားလူငယ်များ တက်ရောက်သင်ကြားလျက်ရှိသည်။

ဇော်ထက်(တောင်ငူ)