နေပြည်တော် ၁၁  ဇွန် 
    

 

ကျေးလက်နေလူငယ်များ၊ ကျောင်းသားကျောင်းသူများ စာအုပ်စာပေနှင့် နီးစပ်ပြီး စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်အတွက် ရွေ့လျားစာကြည့်တိုက် ဝန်ဆောင်မှုလုပ်ငန်းကို ယနေ့ နံနက် ၉ နာရီက တောင်ငူခရိုင်၊ အုတ်တွင်းမြို့ရှိ သစ်တောအခြေခံပညာမူလတန်းလွန်ကျောင်း၊ ဟင်းငုတ်ပင် အထကခွဲနှင့် ထန်းတပင်မြို့နယ်ရှိ အခြေခံပညာကျောင်း ၂ ကျောင်းတွင် ပြုလုပ်သည်။ 

 

1


    

 

သုံးဘီးမော်တော်ဆိုင်ကယ်များဖြင့် ရွေ့လျားစာကြည့်တိုက် ဝန်ဆောင်မှုလုပ်ငန်းကို ပြန်ကြားရေးဝန် ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဂျပန်နိုင်ငံမှ ရှန်တီစေတနာဝန်ထမ်းအဖွဲ့ (Shanti Volunteer Association-SVA) တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ကျောင်းသားကျောင်းသူများအား ကိုယ်ကာယလေ့ကျင့်ခန်းများ ပြုလုပ်ပေးခြင်း၊ ရုပ်ပုံစာအုပ်များဖြင့် ပုံပြင်ပြောခြင်း၊ ဘုတ်ပြားပြဇာတ်၊ စက္ကူပြဇာတ်များအသုံးပြု၍ သရုပ်ပြပုံပြင်ပြောခြင်း၊ ကလေးရုပ်ပြစာအုပ်များကို ဖတ်ရှုစေခြင်း၊ ကလေးရုပ် ပြ(၁၀ဝ)အုပ်စီ ငှားရမ်းပေးခြင်းများ ဆောင်ရွက်ကြခြင်းဖြစ်သည်။
    

 

ထိုသို့ တောင်ငူခရိုင်အတွင်း ဆောင်ရွက်ခြင်းကို ယမန်နေ့က တောင်ငူမြို့နယ်နှင့် ရေတာရှည်မြို့နယ်များရှိ ကျောင်း(၂)ကျောင်းစီတွင် စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ဇွန်လ ၁၂ ရက်တွင် ဖြူးမြို့နယ်နှင့် ကျောက်ကြီး မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်း(၂)ကျောင်းစီတွင်လည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။

 

2


    

 

ရွေ့လျားစာကြည့်တိုက် ဝန်ဆောင်မှုလုပ်ငန်းကို သုံးဘီးမော်တော်ဆိုင်ကယ်များဖြင့် လှည့်လည် ဆောင်ရွက်ရာတွင်  ကျောင်းတစ်ကျောင်းလျှင် ကလေးရုပ်ပြစာအုပ် ၁၀ဝ အုပ်အား တစ်လတစ်ကြိမ် လဲလှယ်ငှားရမ်းပေးပြီး ဖတ်ရှုစေခြင်း၊ ရုပ်ပုံစာဖြင့် ပုံပြင်ပြောခြင်း၊ ဘုတ်ပြားပြဇာတ်၊ စက္ကူပြဇာတ်များ အသုံးပြု၍ သရုပ်ပြပုံပြင်ပြောခြင်းစသည့် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းဖြစ်ရာ ကလေးငယ်များ စာဖတ်စွမ်းရည် တိုးတက်မြင့်မားလာခြင်း၊ စာဖတ်သည့် အလေ့အထကောင်းများ ပိုမိုမြှင့်တင်ပေးနိုင်ခြင်း၊ ဆရာဆရာမများအနေဖြင့် စာအုပ်များကို သင်ထောက်ကူပစ္စည်းအဖြစ် အသုံးချနိုင်ခြင်း၊ ပုံပြင်နားထောင်၍ ပြန်လည်ပြောဆိုတတ်ခြင်း၊ စာအုပ်များ ငှားရမ်းဖတ်ရှုလိုစိတ် အလေ့အထကောင်းများ ဖြစ်ပေါ်နိုင်ခြင်းများ ရရှိနိုင်ပါသည်ဟု SVA မှ ဂျပန်နိုင်ငံသူ ဒါရိုက်တာ အကီနာကဟရ က ပြောကြားသည်။

 

3

 

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရှန်တီစေတနာ့ ဝန်ထမ်းအဖွဲ့တို့သည် မြန်မာ နိုင်ငံတွင် ကလေးများအတွက် စာအုပ်များထုတ်ဝေရန်၊ စာဖတ်စွမ်းရည် တိုးတက်လာစေရန်၊ စာတတ် မြောက်စေရန်နှင့်  ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ၂၀၁၄ ခုနှစ်မှစ၍ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပြီး ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပြည်ခရိုင်နှင့် သာယာဝတီခရိုင်အတွင်းရှိ (၁၄)မြို့နယ်တွင်လည်းကောင်း၊ ၂၀၁၈ ခုနှစ်တွင် ပဲခူးခရိုင်အတွင်းရှိ မြို့နယ် (၈)မြို့နယ်တွင်လည်းကောင်း ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွင်း ဇွန်လမှစ၍ တောင်ငူခရိုင် အတွင်းရှိ မြို့နယ်(၆)မြို့နယ်တွင် တစ်မြို့နယ်လျှင် အခြေခံပညာကျောင်း (၁၅)ကျောင်းစီ ရွေးချယ်ပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 

 

(သတင်းစဉ်)