တောင်ငူ ၈ ဇန်နဝါရီ
ယခုရက်ပိုင်းအတွင်း အချိန်အခါမဟုတ် ရွာသွန်းခဲ့သည့် မိုးကြောင့် တောင်ငူမြို့ မိုင်ဒါကွင်းအတွင်း ကျင်းပပြုလုပ်လျက်ရှိသော လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပွဲတော်ကြီးတွင် ဆိုင်ခန်းခများ ဈေးနှုန်းကြီးမြင့်စွာ ဝယ်ယူထားကြသည့် ၁၂ ပွဲ ဈေးသည်များ အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။
တောင်ငူလွတ်လပ်ရေးပွဲတော်သည် အနယ်နယ်အရပ်ရပ်မှ လာရောက်ကြသူများဖြင့် နှစ်စဉ် စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိရာ အစည်ကားဆုံးဖြစ်သည့် နေ့ရက်များတွင် အချိန်အခါမဟုတ် မိုးရွာသွန်းခဲ့၍ လာရောက်လည်ပတ်သူ အလွန်နည်းပါးလျက်ရှိကြောင်း လွတ်လပ်ရေးပွဲတော် ကွင်းအတွင်းမှ ပြန်လည်ရောက်ရှိလာသော ဆွာမြို့ခံတစ်ဦးက ပြောကြားသည်။
“မိုးမရွာရင် ဒီလိုရက်မျိုးတွေဆို ကွင်းထဲမှာ ဖုန်တထောင်းထောင်းနဲ့ ခြေချစရာတောင်မရှိအောင် လူများတာ။ အခုတော့လာတဲ့သူက အတော့်ကိုနည်းတာ။ ဈေးဆိုင်တွေဆို မိုးမစိုအောင် အသည်းအသန် လုပ်နေကြရတာ တွေ့ခဲ့ရတယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။
(၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပွဲတော်ကြီးအား တောင်ငူမြို့ မိုင်ဒါကွင်းအတွင်း၌ ဇန်နဝါရီ ၁ ရက်နေ့ မှ ၁၀ ရက်နေ့အထိ ကျင်းပ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး နာမည်ကြီးဇာတ်ပွဲများ၊ လက်ဝှေ့ပြိုင်ပွဲများ၊ အနယ်နယ်အရပ်ရပ်မှ လာရောက် ရောင်းချသော ၁၂ ပွဲဈေးသည်များ၊ ကလေးကစားကွင်းများ၊ အစားအသောက်မျိုးစုံ တို့ကို လာရောက်ရောင်းချလျက်ရှိသော ပွဲတော်ဖြစ်သည့်အားလျော်စွာ ၂၀၁၅ ခုနှစ်ကစတင်၍ မဲစနစ်ဖြင့် ဆိုင်ခန်းရောင်းချမှုကို ရပ်ဆိုင်းခဲ့ပြီးနောက် ကန်ထရိုက်စနစ်ဖြင့် ပြောင်းလဲရောင်းချခဲ့ရာတွင် ကျပ်သိန်းပေါင်း ထောင်ဂဏန်းအထိ မြင့်တက်လာခြင်းဖြစ်ကြောင်း တောင်ငူမြို့ခံ တစ်ဦးက ပြောသည်။
“မနှစ်က လေလံက ကျပ်သိန်းပေါင်း ၉၅၀ ဝန်းကျင်လောက်ပေါက်တယ်။ ဒီနှစ်မှာ မနှစ်ကထက် နှစ်ဆတက်သွားတာ ကျပ်သိန်း ၁၉၂၀ နဲ့ရသွားတယ်။ အဲ့လို လေလံဈေးတွေ မြင့်လာတော့ ဆိုင်ခန်းကတွေကလည်း မတန်တဆတွေဖြစ်ကုန်တာ။ အချို့ ဈေးသည်တွေက ဈေးနှုန်းမတန်တဆမြင့်တော့ တွက်ခြေမကိုက်နိုင်လို့ ပြန်ကုန်တယ်။ အခြားမြို့မှာရှိတဲ့ ပွဲတွေရောက်ကုန်တာပေါ့” ဟု အထက်ပါမြို့ခံကပင် ဆက်လက်ပြောကြားသည်။
ဆိုင်ခန်းများ ရောင်းချမှုနှင့်ပတ်သက်၍ လုပ်ကိုင်ခွင့်နှင့် ဆိုင်ခန်းများချထားခွင့်ရှိသူ ကိုနေစိုးက “လေလံဈေးက ကျပ်သိန်း ၁၉၂၀ ပေါ့။ ဆိုခန်းတွေက ထောင့်ခန်းကို ၂ သိန်းယူတယ်၊ အလယ်ခန်းကိုတော့ ကျပ်တစ်သိန်းခွဲယူတယ်၊ ပျံကျကိုတော့ ၄ သောင်းတို့ ၃ သောင်းခွဲတို့ ယူပါတယ်။ ပွဲတော်ကြီး စည်ကားဖို့အတွက် ဇာတ်အဖွဲ့နှစ်ဖွဲ့ကို ၇ ရက်အတွက် ငှားပေးထားတယ်။ ဒါမှလည်း ဈေးသည်တွေအတွက် ကိုက်မှာ။ နယ်ကလာတဲ့ပရိသတ်တွေကျတော့ ဇာတ်ပွဲကြည့်ကြတာများတယ်။ ဇာတ်ရုံ ဆောက်ပေးတာရောဆို ကုန်ကျစရိတ် ကျပ်သိန်း ၁၃၀ လောက်ကုန်တယ်။” ဟုပြောကြားသည်။
ဈေးဆိုင်ခန်းများ ဝယ်ယူသည့်အခါ သတ်မှတ်ဈေးထက် မြင့်မားနေခြင်းကြောင့် ဝေဖန်သုံးသပ်မှုများနှင့်ပတ်သက်၍ နယ်လှည့်ဈေးသည်တစ်ဦးဖြစ်သည့် ဦးမြင့်စိုး က “အခုက ၆ ပေတစ်ခန်းကို နှစ်သိန်းလောက်သူတို့ရောင်းတယ်၊ ကျွန်တော့်ရှေ့က အခန်းဆို လေးသိန်းလောက်ရောင်းတယ်၊ အရင်တုန်းက ဆိုင်ခန်းတစ်ခန်းကို ကျပ် ရှစ်သောင်း၊ လေးသောင်း နဲ့မဲနှိုက်ရတာ။ အခုကျတော့ ပြောတဲ့အတိုင်း ဝယ်ရတာ မဝယ်နိုင်ရင်ပြန်ရတာပဲ။ ကျွန်တော်တို့က ရန်ကုန်ကနေလာရတာဆိုတော့ အခြားကုန်ကျစရိတ်နဲ့ လမ်းစရိတ်အကုန်ခံပြီးတော့ သူတို့ပြောတဲ့ဈေးနဲ့ ရအောင်ဝယ်ရ တာ။ နည်းနည်းပါးပါးတောင် လျော့မပေးပါဘူး။ နောက်လိုချင်တဲ့အခန်းလည်း မရတော့ အဆင်မပြေဘူးပေါ့ဗျာ။” ပြောကြားသည်။ တစ်နှစ်ထက်တစ်နှစ် ယခုကဲ့သို့ လေလံဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့် အစဉ်အလာမပျက် ကျင်းပလျက်ရှိသော ပွဲတော်ကြီးများ စည်ကားမှု လျော့ကျလာ နေသည်ကို သုံးသပ်ပြောကြားမှုများ ရှိသည့်အနက် ပွဲတော်မှ ပြန်ရောက်လာသူအချို့က ဝယ်ရသည့်ပစ္စည်းများ ဈေးကြီးကြောင်း ဈေးဆစ်လို့လည်း မရသည့်အတွက် စားစရာလောက်သာ ဝယ်ယူခဲ့ရကြောင်း သိရသည်။
ကိုလွင်(ဆွာ)
