တောင်ငူ အောက်တိုဘာ ၁၀

 

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်မှ စားသုံးဆီဖူလုံရေးအတွက် နေကြာသီးညှပ်စိုက်ပျိုးမည့် တောင်သူများအတွက် ဆင်းရွှေကြာ(၂) မျိုးစေ့အိတ်များ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနတွင် ပေးအပ်ခဲ့သည်။

 

ထိုသို့ ထောက်ပံပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဌ ဦးညီညီလွင်စိုး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးနိုင်မင်းလှိုင်နှင့် မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဦးစီးမှူး ဦးစိုင်းအောင်ညွန့် တို့က  တောင်ငူမြို့နယ်အတွင်း မတ်ပဲစိုက်ခင်းများအကြား သီးညှပ်စိုက်ပျိုးမည့် ကျေးရွာအုပ်စု ၁၃ အုပ်စုမှ ကျေးရွာ ၁၈ ရွာအတွက် မျိုးစေ့အိတ် တစ်အိတ်လျှင် ၂ ဧကနှုန်းဖြင့် စိုက်ပျိုးနိုင်မည့် အထွက်ကောင်းဆီနေကြာ ဆင်းရွှေကြာ (၂) မျိုးစေ့ ဧက (၆၀၀) အတွက် နေကြာမျိုးစေ့အိတ် (၃၀၀) ကို စိုက်ပျိုးမည့် တောင်သူ (၁၈၂) ဦးထံ ထောက်ပံ့ပေးအပ်သည်။

 

 တောင်ငူမြို့တွင် ဆီထွက်သီးနှံများကို မိုးရာသီနှင့် ဆောင်းရာသီကာလများတွင် မြေပဲကို (၄၁၅၄)ဧကနှင့် နှမ်း (၅၃၈၃)ဧက ကို စိုက်ပျိုးထားလျှက်ရှိရာ ယခုနှစ်တွင် မတ်ပဲစိုက်ခင်းများအကြား နေကြာသီးနှံ စိုက်ဧက (၆၀၀)ကို စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လာမည့် ဆီထွက်သီးနှံစိုက်ပျိုးရာသီတွင် ပိုမိုတိုးချဲ့စိုက်ပျိုးသွား နိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

(ခရိုင် ပြန်/ဆက်)