တောင်ငူ   ၄ မေ 

 

နေပြည်တော်မှ ရန်ကုန်သို့ထွက်ခွာလာသော အမှတ် ၃၂ အစုန်အမြန်ရထားသည် လမ်းဖြတ်ကူးသည့် မော်တော်ယာဉ်နှင့် တိုက်မိခဲ့ကြောင်း သိရသည်။

 

တောင်ငူမြို့နယ်၊ ကန်ရိုးကျေးရွာအနီး မိုင်တိုင် ၂၆၈/၁၁ နှင့် ၁၂ အကြား တွင် မေ ၄ ရက် နံနက် ၁၀ နာရီ မိနစ် ၄၀ က ကံရိုးကျေးရွာနှင့်အနောက်ဘက်ရှိ ညောင်သုံးပင်ကျေးရွာ၊ ဘုန်းကြီးကျောင်းလမ်း ဂိတ်မရှိသည့် ရထားလမ်းကူးအရောက် ရထားလမ်းအရှေ့ဘက်မှ အနောက်ဘက်သို့ ဖြတ်ကူးသည့် သစ်ခွဲသားများ တင်ဆောင်ထားသည့် ယာဉ်ငယ်တစ်စီးအားတိုက်မိပြီး ဒရွှတ်တိုက်ပါသွားခဲ့ရာ မိုင်တိုင် ၂၆၈/၅ နှင့် ၅ အကြားအရောက်ရထားမှ ရပ်တန့်သွားခဲ့ခြင်းဖြစ်သည်။ 

 

အခင်းဖြစ်ပွားရာသို့ တောင်ငူမြို့မရဲစခန်းမှ စခန်းမှူး ရဲအုပ် ကျော်ကျော်ဦး နှင့်အဖွဲ့က စစ်ဆေးဆောင်ရွက်ခဲ့ရာ တောင်ငူမြို့မြောက်ဘက်၊ ကံရိုးကျေးရွာမှ အနောက်ဘက်ရှိ  ညောင်သုံးပင်ကျေးရွာဘက်သို့ ယာဉ်မောင်းနှင့်လိုက်ပါလာသူတစ်ဦးပါရှိသော  ယာဉ်သည် လမ်းအနောက်ဘက်ကိုဖြတ်ကူးစဉ် နေပြည်တော်-ရန်ကုန်အမြန်ရထားနှင့် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “ယာဉ်ပေါ်ပါနှစ်ယောက်ပါတယ် နှစ်ယောက်စလုံးအခြေအနေမကောင်းဘူး သတိလစ်နေတော့ ဘယ်ကမှန်းလည်း မသိသေးဘူး အခုတောင်ငူ ဆေးရုံကြီး ကိုအရေးပေါ်ပို့ထားပါတယ်” ဟု အခင်းဖြစ်ရပ်ကိုစစ်ဆေးနေသည့် တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ရထားလမ်းပေါ်တွင် ကန့်လန့်ဖြတ်တင်နေသည့် ယာဉ်ငယ်ပေါ်မှ သစ်ခွဲ သားများအား ကံရိုးနှင့်ညောင်သုံးပင်ကျေးရွာဒေသခံများသယ်ချ၍ ယာဉ်ငယ်အား လမ်းအရှေ့ဘက်သို့ ဖယ်ရှားကား ရထားဆက်လက်ထွက်ခွာနိုင်ရန် ဆောင်ရွက်လျက်ရှိပြီး အမှုဖြစ်စဉ်နှင့်ပတ်သက်၍ တောင်ငူမြို့မရဲစခန်းက အမှုဖွင့်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ကိုလွင်(ဆွာ)