တောင်ငူ ၂ နိုဝင်ဘာ

 

ပဲခူးတိုင်းဒေသကြီးတောင်ငူမြို့ ခပေါင်းခန်းမ၌ နိုဝင်ဘာ ၂ ရက်နေ့ နံနက် ၉ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် တောင်ငူခရိုင်စီမံခန့်ခွဲမှု ကော်မတီတို့ ပူးပေါင်းစီစဉ်ပြုလုပ်သည့် ကလေးစာပေပွဲတော် ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။

 

ရှေးဦးစွာ ကလေးစာပေပွဲတော်အား ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေး၊ လူမှုရေးဝန်ကြီးဒေါ်ညွန့်ညွန့်ဌေး၊ တောင်ငူခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဌဦးမိုးထက်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအေးမင်းဝင်း၊ နှစ်ထပ်ကွမ်းလူရည်ချွန်ကျောင်းသား/ကျောင်းသူများဖြစ်ကြသည့် မလင်းလဲ့မွန်၊ မောင်နေနိုင်လွန်း၊ မောင်စိုးမိုးထက်တို့က ကျောင်းသား/ကျောင်းသူ ၁၀၀ ခြံရံလျှက် ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြသည်။

 

ထို့နောက် တောင်ငူမြို့အခြေခံပညာအထက်တန်းကေျာင်းပေါင်းစုံမှ ကျောင်းသား/ကျောင်းသူများက "ကလေးစာပေပွဲတော် Theme Song"သီချင်းသီဆိုပြီး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက ကလေးစာပေပွဲတော် ကျင်းပပြုလုပ်ခြင်းသည် အနာဂတ်ကို ထုဆစ်ပုံဖော်မှုမည့် ကလေးများ၏ ပုံရိပ်ကို ဖွံ့ဖြိုးတိုးတက်ဖို့လာစေရန်ဖြစ်သည့်အပြင် ပဲခူးတိုင်းဒေသကြီးတစ်ခုလုံးဖွံ့ဖြိုးတိုးတက်ဖို့အတွက် တတ်စွမ်းသရွေ့တည်ဆောက် အကောင်အထည်ဖော်ပေးခြင်းဖြစ်ကြောင်း၊ အနာဂတ်ရဲ့ ခေါင်းဆောင်များဖြစ်သည့် ကလေးများကို ဉာဏ်ရည်ဉာဏ်သွေးဗဟုသုတများ ထက်မြက်လာစေရန်နှင့် တီထွင်ဖန်တီးလိုစိတ်များ ရင့်သန်လာစေရန်၊ ကလေးများသာပေနှင့်ရင်းနှီးပြီး စာဖတ်ဝါသနာ ပါလာစေရန်နှင့် ကလေးများ၏ပျော်ရွှင်မှုကို စာဖတ်ခြင်းဖြင့်စာပေတွင်ပျော်ရွှင်လာစေရန် ရည်ရွယ်ချက်ကောင်းများဖြင့် ကျင်းပပြုလုပ်ပေးခြင်း အဖွင့်အမှာစကား ပြောကြားသည်။

 

ယင်းနောက် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအောင်လှထွန်းက အမှာစကားပြောကြားကြပြီး ဝန်ကြီးချုပ်၊ ကရင်တိုင်းရင်းသားလူမျိုးများေရးရာဝန်ကြီးနှင့် လူမှုရေးဝန်ကြီးတို့က စာပေပွဲတော်တွင်ဖျော်ဖြေတင်ဆက်ကြသည့် ကျောင်းသား/သူများအတွက် ငွေကျပ်(၁၆)သိန်းအား ချီးမြှင့်ပေးကာ ရွှေဖြူးကြယ်စင်ဂီတဥယျာဉ်အဖွဲ့မှ ကျောင်းသား/သူများက "အာရှမြန်မာ"သီချင်းဖြင့်လည်းကောင်း၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား/ကျောင်းသူများက"သျှောင်ပေစူး"သီချင်းဖြင့် လည်းကောင်း၊ အမှတ်(၄)အခြေခံ ပညာအထက်တန်းကျောင်း ကျောင်းသား/သူများက "လယ်တောသူ" သီချင်းဖြင့်လည်းကောင်း၊ အခြေခံပညာ အလယ်တန်းကျောင်းခွဲ(မြို့မ)ကျောင်းသား/သူများက "ဒို့ပြည်ထောင်စု"သီချင်းဖြင့် လည်းကောင်း အသီးသီးသီဆို ကပြဖျော်ဖြေတင်ဆက်ကြသည်။

 

ေ

 

 

ထို့နောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဧည့်သည်တော်များက စာအုပ်စာပေပြပွဲနှင့် စာအုပ်စျေးရောင်းပွဲတော်အား လှည့်လည်ကြည့်ရှု အားပေးကြကြောင်း သိရသည်။

 

ပဲခူးတိုင်းဒေသကြီးအတွင်း၌ နိုင်ငံတော်အဆင့်ကလေးစာပေပွဲတော်ကို ၂၀၁၉ခုနှစ်မတ်လတွင် ပဲခူးတက္ကသိုလ်မှာကျင်းပပြုလုပ်ခဲ့ပြီး ခရိုင်အဆင့်အနေဖြင့် ပဲခူး၊ ပြည်၊ သာယာဝတီခရိုင်တို့တွင် လည်းကောင်း၊ မြို့နယ်အဆင့်များအနေဖြင့် ပဲခူး၊ နတ်တလင်း၊ ကျောက်တံခါးမြို့နယ်များတွင် လည်းကောင်း ကလေးစာပေပွဲတော်မှာ ကလေးများ စာအုပ်စာပေ၌ နှစ်သက်မွေ့လျော်ကာ ရာသက်ပန်ပညာရှာမှီး သူများဖြစ်လာစေရန်၊ ပွဲတော်၌ပျော်ရွှင်စွာဆင်နွဲရင်း စုပေါင်းအလုပ်များတွင် ဝိုင်းဝန်းပါဝင် ပတ်သက်သည့် အလေ့အထကောင်းများ ရရှိစေရန်နှင့် ပညာဗဟုသုတ၊ လူရည်လူသွေးပြည့်ဝပြီး အနာဂတ်တွင် တိုင်းပြည်အတွက် ဦးဆောင်ဦးရွက် ပြုကြသူများ ဖြစ်လာစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ကလေးစာပေပွဲတော်အား နိုဝင်ဘာ ၂ ရက်နေ့မှ(၃)ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ကျောင်းသား/ကျောင်းသူများက တိုင်းရင်းသား လူမျိုးများ၏ ရိုးရာအက အလှများဖြင့်ဖျော်ဖြေခြင်း ၊ တေးသီချင်းများ တေးသရုပ်ဖော် အစီအစဉ်များဖြင့် ဖျော်ဖြေခြင်း၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ တိုင်းရင်းသားဘာသာ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ တိုင်းရင်းသားဘာသာ ပုံပြောပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စက္ကူခေါက်ပြိုင်ပွဲ၊ စကားပုံဆက်စကားခြင်း၊ အရုပ်ဆက်ကစားခြင်း၊ အိမ်ဆောက်နည်းကစားခြင်း၊ အာလူးကောက်၊ စကောရွက်၊ ဘတ်စကတ်ဘောဂိုးသွင်းခြင်း၊ ဘောလုံးကန်ဂိုးသွင်း၊ ခွက်နင်းလမ်းလျှောက်ခြင်း၊ ပူးပေါင်းညှပ်ကစားခြင်း၊ ခါးကွင်းလှည့်ကစားခြင်း စသည့်ဂိမ်းကစားပွဲများ ပါဝင်မည်ဖြစ်သည့်အပြင် စာပေဟောပြောပွဲများ၊ ကလေးစာပေပြပွဲ၊ တောင်ငူခေတ်သမိုင်း ဓာတ်ပုံစုစည်းမှုပြခန်း၊ ကျောက်စာပြခန်း၊ အာကာသနှင့် စကြဝဠာ သင်ကြားရေး ပစ္စည်းများပြခန်း၊ အလင်းသစ် ကိုယ်ပိုင်အထက်တန်းကျောင်း ပြခန်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာပေးပြခန်း၊ ကွန်ပျူတာဂိမ်း ကစားနည်းပြခန်း၊ လူကုန်ကူးမှုတားဆီးရေး၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးပြခန်းများ၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးပြခန်းနှင့် အခြေခံပညာကျောင်း ပြခန်းများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

 

တင်စိုး(ပဲခူး)