နေပြည်တော် ၉ မတ်

ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ် တောင်နဝင်းပင်မရေလှောင်တမံ ထိပ်ပြင် အပေါ်ပိုင်းရှိ အက်ကြောင်းဖြစ်ပေါ်နေမှု နှင့်စပ်လျဉ်း၍ ရေလှောင်တမံ ကြံ့ခိုင်မှုနှင့် ဘေးကင်းလုံခြုံမှုအတွက် လုပ်ငန်းဆောင်ရွက်နေမှုများကို ယမန်နေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းတို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ရှေးဦးစွာ ရေလှောင်တမံ ရှင်းလင်းဆောင်၌ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မြင့်လှိုင်က တမံထိပ်ပြင်အပေါ်ပိုင်းရှိ အက်ကြောင်း ဖြစ်ပေါ်ခဲ့မှုအပေါ်ဌာနမှ အင်ဂျင်နီယာပညာရှင်များ၊ ဂျပန်နိုင်ငံ Sanyu အတိုင်ပင်ခံပညာရှင်များ၊ မြန်မာနိုင်ငံတမံကြီးများဆိုင်ရာ အမျိုးသားကော်မတီမှ အင်ဂျင်နီယာပညာရှင်များ၏ ကွင်းဆင်းစစ်ဆေးခဲ့မှုနှင့် သုံးသပ်ချက်များ၊ အက်ကြောင်းအတွင်းသို့ ဓါတုဗေဒဆေးရည်ဖြစ်သည့် Fluorecent Dye  ဖြည့်သွင်းပြီးနောက် ဘူမိရူပဗေဒဆိုင်ရာ နည်းပညာဖြင့် ပုံရိပ်ဖမ်းကာအက်ကြောင်းဖြစ်ပေါ်မှုပုံစံနှင့် အတိမ်အနက်ကို တိုင်းတာစစ်ဆေးခြင်း၊ စမ်းသပ်လွန်တွင်းများတူးဖော်၍ မြေသိပ်သည်းဆ စစ်ဆေးခြင်းဆောင်ရွက်နေမှုများ၊ တမံကိုယ်ထည်၏ နောက်ဘက်မှ မြေသားပိုးခြင်းလုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြသည်။

 

mdn

 

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ရေလှောင်တမံကြံ့ခိုင်မှုနှင့် ဘေးကင်းလုံခြုံမှုအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို မိုးရာသီမရောက်မီ အပြီးဆောင်ရွက်ရန် နှင့် မတ် ၃၁ ရက်နောက်ဆုံးထား၍ လုပ်ငန်းများ လက်စသပ်နိုင်ရေး စီမံဆောင်ရွက်ကြရန်၊ လက်ရှိ စိစစ်ချက်အရ စိုးရိမ်ဘွယ်အခြေအနေ မတွေ့ရှိရသော်လည်း ရေလှောင်တမံကြံ့ခိုင်မှု နှင့်ဘေးကင်းလုံခြုံမှု စောင့်ကြည့်ကာလထားရှိဆောင်ရွက်ရေးအတွက် လာမည့်မိုးရာသီတွင် ရေသိုလှောင်မှုပမာဏကို ထက်ဝက်လျှော့ချသိုလှောင်ရန်နှင့် ယင်းအခြေအနေအရ ရေသောက်ဧရိယာ လျော့နည်းနိုင်မှုကို ဒေသခံတောင်သူများအား ကြိုတင်အသိပေးထားရန်၊ စိုက်ပျိုးထုတ်လုပ်မှု လျော့ကျမသွားစေရန် နွေစပါးအစား ရေအနည်းလို သီးနှံများ အစားထိုး စိုက်ပျိုးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများက ဝိုင်းဝန်းဆောင်ရွက်ပေးနိုင်ရေး ကြိုတင်စီမံထားကြရန် လိုအပ်ကြောင်း ဆွေးနွေးမှာကြားသည်။

ထို့နောက် တမံပြုပြင်မှုနှင့် တမံဝန်းကျင်မွမ်းမံမှုများတွင် လိုအပ်သလို အသုံးပြုနိုင်ရန် မဟာမြိုင်ဆရာတော်က ပေးပို့လှူဒါန်းသည့် ဘိလပ်မြေအိတ် ၁၀ဝ၀ ကို ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ် တို့က လက်ခံရယူကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် တမံထိပ်ပြင်အပေါ်ပိုင်းရှိ အက်ကြောင်းအတွင်းသို့ ဘိလပ်မြေ၊ မြေဖယောင်း (Bentonite)၊ စီလီကွန်နန်းမျှင်များ (Micro Silicon Fiber)နှင့် နာနိုနည်းပညာသုံး ဓာတုဗေဒပစ္စည်းများ(Nano Grout Chemical)ရောစပ်၍ ထည့်သွင်းခြင်း ဆောင်ရွက်နေမှု၊ အက်ကြောင်းတွေ့ရှိမှုအပေါ် မူတည်၍ အပေါ်မြေသားဖယ်ရှားခြင်း၊ တမံ၏ အောက်ခံအုတ်မြစ် အားဖြည့်ခြင်းအတွက် ဘိလပ်မြေသရွတ်မှုတ်သွင်းခြင်းနှင့် တမံကိုယ် ထည်၏ နောက်ဘက်မှ မြေသားပိုးခြင်း လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ်အတွင်းရှိ တောင်နဝင်းပင်မ ရေလှောင်တမံသည် ၁၉၉၅ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့သည့် မြေသားတမံအမျိုးအစားဖြစ်ကာစိစစ်ပြီး ဆည်ရေသောက်ဧရိယာ ၅၇၂၅၈ ဧကအပေါ် မိုးစပါး၊ နွေစပါး၊ ကြံနှင့် အခြားသီးနှံများ စိုက်ပျိုး ရေဖူလုံစွာရရှိရေးကို အကျိုးပြုလျက်ရှိသည်။

၂၀၁၉ ခုနှစ် ဇန်နဝါရီ ၈ ရက်တွင် တမံထိပ်မျက်နှာပြင် အပေါ်ယံအပိုင်း၌ အက်ကြောင်း ဖြစ်ပေါ်ရခြင်းအပေါ် ရေလှောင်တမံတည်ရှိရာ ပေါက်ခေါင်းမြို့ အနီးပတ်ဝန်းကျင်ကို ဗဟိုပြု၍ မြေငလျင် ၄ ကြိမ် လှုပ်ခတ်ခဲ့မှုကြောင့် တမံအောက်ခြေ အုတ်မြစ်ကျောက်သားတွင် လှုပ်ရှားမှု ဖြစ်ပေါ်ခဲ့သဖြင့် တမံထိပ်မျက်နှာပြင် အပေါ်ယံအပိုင်း၌ အက်ကြောင်းဖြစ်ပေါ်ရခြင်း ဖြစ်နိုင်ကြောင်း ပြည်တွင်းပြည်ပပညာရှင်များက သုံးသပ်ခဲ့ပြီး အဆိုပါပညာရှင်များ၏ အကြံပြုချက် များကိုရယူကာ ရေလှောင်တမံ ကြံ့ခိုင်မှုနှင့် ဘေးကင်းလုံခြုံမှုအတွက် ဆောင်ရွက်ခဲ့ရာ လုပ်ငန်းများ ၅၀ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်၍ မိုးမကျမီ လုပ်ငန်းများပြီးစီးရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည့်အပြင် ရေလှောင်တမံ၏ ကြံ့ခိုင်မှု စောင့်ကြည့်ကာလအတွင်း ရေသို လှောင်မှုနှင့် ရေပေးဝေမှုကို ထိန်းညှိဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

 

mdn