ထွန်းကျော်

 

ဖီဂျီလိုမျိုး တောင်ပစိဖိတ်ကျွန်းနိုင်ငံများဟာ ရုရှားနိုင်ငံနဲ့သာမက ယူကရိန်းနိုင်ငံနဲ့ပါ အလှမ်းကွာလှသော်လည်း နှစ်နိုင်ငံကြား ဖြစ်ပွားတဲ့ ပဋိပက္ခရဲ့ အကျိုးသက်ရောက်မှုကြောင့် အစားအစာ နဲ့ လောင်စာဆီဈေးနှုန်းတွေ မြင့်တက်လာခဲ့ပါတယ်။

 

ကုန်ဈေးနှုန်းတွေ မြင့်တက်လာဦးမယ်

 

ကုလသမဂ္ဂ အစားအစာနဲ့ စိုက်ပျိုးရေးအဖွဲ့ (အက်ဖ်အေအို) က ရုရှား-ယူကရိန်း ပဋိပက္ခက ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာဖူလုံမှုကို ခြိမ်းခြောက်မှုအသစ်တွေ ဖြစ်စေတယ်လို့ သတိပေး ပြောကြားခဲ့ပါတယ်။ အစားအစာနဲ့ စားသောက်စရိတ်တွေ နဂိုကတည်းက မြင့်တက်လျက်ရှိနေတဲ့ အခြေအနေမှာ နောက်ထပ် ၈ ရာခိုင်နှုန်းမှ ၂၂ ရာခိုင်နှုန်းအထိ ထပ်မံမြင့်တက်လာဦးမယ်လို့ အက်ဖ်အေအိုက ပြောပါတယ်။

 

လူဦးရေ ၉၀၀၀၀၀ နီးပါးရှိသည့် ကျွန်းနိုင်ငံဖြစ်တဲ့ ဖီဂျီနိုင်ငံဟာ ဂျုံနဲ့ ဆန်ကဲ့သို့သော သူ့ရဲ့အဓိက အစားအစာအများစုကို နိုင်ငံခြားက နှစ်စဉ်နှစ်တိုင်း တင်သွင်းနေရပါတယ်။ ဖီဂျီစီးပွားရေးဝန်ကြီး အိုင်ယက်ဇ်ဆာယက်ခိုင်ယမ် က ရုရှားနဲ့ ယူကရိန်းကြား ပဋိပက္ခတွေ ဆက်လက် မြင့်တက်လာမယ်ဆိုရင် ဒီထက် ကုန်ဈေးနှုန်းတွေ မြင့်တက်လာဦးမယ်လို့ သတိပေးပြောကြားခဲ့ပါတယ်။

 

လောင်စာဆီဈေးနှုန်းတွေကို မိုးထိမြင့်တက်စေခဲ့တယ်

 

ဖီဂျီစားသုံးသူ ကော်မရှင်ရဲ့ ဖော်ပြချက်အရ သာမန်ဂျုံမှုန့် ၁၀ ကီလိုဂရမ်တစ်အိတ်ရဲ့ လက်ရှိ လက်လီရောင်းဈေးဟာ ဖီဂျီဒေါ်လာ ၁၇ ဒသမ ၁၀ (အမေရိကန် ဒေါ်လာ၈ ဒသမ၀၆) အထိမြင့်တက်လာခဲ့ တယ်လို့ဆိုပါတယ်။ လွန်ခဲ့တဲ့တစ်နှစ်ခွဲက ဂျုံမှုန့် ၁၀ ကီလိုဂရမ်တစ်အိတ်ကို ဖီဂျီဒေါ်လာ ၁၀ (အမေရိကန်ဒေါ်လာ ၄ ဒသမ ၇၁ ဒေါ်လာ) ရှိခဲ့ပါတယ်။ အလားတူ ဓာတ်ဆီဈေးနှုန်းများမှာလည်း ၁၀ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့တယ်။

 

ဖီဂျီစားသုံးသူကော်မရှင်က ဖီဂျီဟာ ပြည်တွင်းဈေးကွက် တည်ငြိမ်ဖို့အတွက် ကမ္ဘာ့ဈေးကွက် ပြောင်းလဲမှုရှိအောင် လုပ်ဆောင်ဖို့လိုတယ်လို့ ပြောခဲ့ပါတယ်။

 

ဖီဂျီကုန်သွယ်ရေး အမြဲတမ်းအတွင်းဝန် ရှာဟင်အလီက စွမ်းအင်အဓိကပံ့ပိုးတဲ့နိုင်ငံဖြစ်တဲ့ ရုရှားအပေါ် ကမ္ဘာလုံးဆိုင်ရာ အရေးယူပိတ်ဆို့မှုတွေပြုလုပ်ခဲ့ခြင်းက လောင်စာဆီဈေးနှုန်းတွေကို မိုးထိမြင့်တက်စေခဲ့တယ်ဆိုပြီး ပြောပါတယ်။

 

ဖီဂျီရဲ့ စီးပွားရေးကို သက်ရောက်စေတယ်

 

လောင်စာဆီကုန်ကျစရိတ်သာမက ကုန်စည်တွေနဲ့ ဝန်ဆောင်မှုကုန်ကျစရိတ်တွေမှာ ပင်လယ်ရေကြောင်း ကုန်စည်တင်ပို့မှုတွေနဲ့ လေယာဉ်သယ်ယူ ပို့ဆောင်မှုတွေအထိ ပါဝင်ပါတယ်။

 

ဖီဂျီမြို့တော် ဆူဗာမြို့လယ်မှာ ကုန်စုံဆိုင်ဖွင့်ထားတဲ့ တရုတ်စီးပွားရေးသမား တစ်ဦးကလည်း ကုန်ဈေးနှုန်းတွေမြင့်တက်လာတဲ့အပေါ် ပူပန်နေရပါတယ်။ သူ့ဆိုင်မှာရှိတဲ့ ကုန်စည်တွေရဲ့ ကုန်ဈေးနှုန်းတွေဟာ ပင်လယ်ရေကြောင်း သယ်ယူပို့ဆောင်စရိတ်တွေ မြင့်လာတာကြောင့် မြင့်တက်ခဲ့တယ်လို့ ပြောပါတယ်။

 

တောင်ပစိဖိတ်တက္ကသိုလ် စီးပွားရေးဘာသာရပ်ရဲ့ အဆင့်မြင့် ကထိကတစ်ဦးဖြစ်သူ နီလက်ဂိုအန်ဒါက ပဋိပက္ခဟာ ကုန်ဈေးနှုန်းမြင့်တက်မှု အန္တရာယ်ကို ဖြစ်စေသလို ပြင်ပအခန်းကဏ္ဍတွေကလည်း ဖီဂျီရဲ့ စီးပွားရေးကို သက်ရောက်စေတယ်လို့ ပြောပါတယ်။ ဆက်လက်မြင့်တက်ဦးမယ်လို့ ကြေညာထား ဖီဂျီနိုင်ငံသာမက တခြား ဆာမိုအာနဲ့ တွန်ဂါနိုင်ငံလိုမျိုး ကျွန်းနိုင်ငံတွေဟာ ကုန်ဈေးနှုန်း မြင့်တက်လာခြင်းကို ရှောင်လွှဲလို့ရမှာမဟုတ်ဘဲ ခံစားကြရမှာ ဖြစ်ပါတယ်။

 

ဆာမိုအာ ဝန်ကြီးချုပ်ဖီယာမီ နိုအာမီ မာတာဖာက ကမ္ဘာတစ်ဝန်းမှာ ပဋိပက္ခ ကြီးကြီးတွေဖြစ်လေလေ လောင်စာဆီ ဈေးနှုန်းပေါ်ကို ချက်ချင်းလက်ငင်း သက်ရောက်မှုရှိလေလေလို့ပြောခဲ့ပါတယ်။ လာမယ့်လအတွင်းမှာ ဆာမိုအာရဲ့ လောင်စာဆီဈေးနှုန်းတွေဟာ ဆက်လက်မြင့်တက်လာဦးမယ်လို့ သူက ပြောပါတယ်။

 

တွန်ဂါနိုင်ငံမှာလည်း လောင်စာဆီ ဈေးနှုန်းတွေ ဆက်လက်မြင့်တက်ဦးမယ်လို့ ကြေညာထားထားပါတယ်။

 

ကုန်ဈေးနှုန်းတွေ မြင့်တက်လာ

 

ထို့အတူဒေသတွင်းကို အဓိက ဂျုံမှုန့်တွေတင်ပို့တဲ့ တိုင်းပြည်နှစ်ခုစလုံးမှာ စစ်ရေးပဋိပက္ခတွေ ဖြစ်ပွားပြီးနောက် အကျိုးဆက်အနေနဲ့ စားသောက်ကုန် ဈေးနှုန်းတွေ မြင့်တက်လာတဲ့အတွက် မြောက်အာဖရိကတစ်ဝန်း အိမ်ထောင်စုတွေဟာလည်း ဂျုံမှုန့်တွေ၊ ရွှေကျီဆန်တွေနဲ့ တခြား အခြေခံစားသောက်ကုန်တွေကို သိုလှောင်ထားဖို့ အလုအယက် ပြေးဝယ်ခဲ့ကြပါတယ်။

 

တူနီးရှား၊ မော်ရိုကိုနဲ့ လစ်ဗျားနိုင်ငံတွေနဲ့အတူ တခြားအာရပ်နိုင်ငံတွေဟာ သူတို့ရဲ့ အများဆုံးသော ဂျုံမှုန့်တွေကို ယူကရိန်းနဲ့ ရုရှားနိုင်ငံတို့က တင်သွင်းကြရတာဖြစ်ပါတယ်။ အခုတော့ နှစ်နိုင်ငံ ပဋိပက္ခတွေကြောင့် ပစ္စည်းပြတ်လပ်မှုတွေဖြစ်ပြီး ကုန်ဈေးနှုန်းတွေ မြင့်တက်လာပါတော့တယ်။ ။

 

အာရပ်နွေဦးရဲ့ မငြိမ်သက်မှုတွေက ကုန်ဈေးနှုန်းတွေကို ဘယ်လောက် မြင့်တက်စေခဲ့သလဲဆိုတဲ့ အတွေ့အကြုံတွေ ရှိခဲ့တာကြောင့် တချို့က ရုရှားရဲ့ စစ်ရေးဆင်နွှဲမှုကြောင့် အငတ်ဘေးနဲ့ မငြိမ်သက်မှုတွေဆီ ဦးတည်လာမှာကို စိုးရိမ်နေကြပါတယ်။

 

ကုန်ဈေးနှုန်းတွေ မိုးအထိ မြင့်တက်လာမယ့် အခြေအနေကိုလည်း စိုးရိမ်

 

တူနီးရှားပြည်သူတွေဟာ အခြေခံ စားသောက်ကုန်တွေကို အစုလိုက် စုပြုံဝယ်ယူခဲ့တာကြောင့် သကြားရောင်းအားကလည်း သုံးဆအထိ မြင့်တက်လာခဲ့ပါတယ်။

 

လစ်ဗျားမှာလည်း ဝန်ကြီးချုပ်နှစ်ဦးရဲ့ အားပြိုင်မှုကြောင့် ပဋိပက္ခတွေ ထပ်ပြီး ဖြစ်လာမှာကို စိုးရိမ်နေသလို ကုန်ဈေးနှုန်းတွေ မိုးအထိ မြင့်တက်လာမယ့်အခြေ အနေကိုလည်း စိုးရိမ်နေကြပါတယ်။

 

ပဋိပက္ခရဲ့ အကျိုးဆက်ကြောင့်လား ဆိုတာမသိပေမယ့် တောင်ပစိဖိတ်ကျွန်းနိုင်ငံများသာမက မြောက်အာဖရိက တစ်ဝန်း အပါအဝင် နိုင်ငံအတော်များများမှာ ကုန်ဈေးနှုန်းနဲ့ လောင်စာဆီဈေးနှုန်း တွေ ဆက်လက်မြင့်တက်လာဦးမယ့် သဘောရှိပါတယ်။ ။

 

ကိုးကား- ဆင်ဟွာ