ငဖဲ ၂၅ ဇွန်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငဖဲမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ကော်ဖီရာသီ သီးနှံဌာနခွဲ၊ ကော်ဖီနည်းပညာ ဖွံ့ဖြိုးရေးခြံ (နတ်ရေကန်) တွင် တောင်ပေါ်ကျေးရွာ(၁၀)အုပ်စုရှိ ကော်ဖီစိုက်ပျိုးထုတ်လုပ်သည့် တောင်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ကော်ဖီစိုက်ပျိုး ထုတ်လုပ်သူအစုအဖွဲ့အတွက် ကော်ဖီသီးခွံချွတ် စက်ပေးအပ်ပွဲနှင့် ကော်ဖီမျိုးစေ့၊ ကော်ဖီပျိူးပင်နှင့် အရိပ်ရပင်များ ပေးအပ်ပွဲအခမ်းအနားကို ဇွန်လ ၂၄ ရက်နေ့ မွန်းလွဲ ၂ နာရီက ဂုတ်ကြီးကျေးရွာအုပ်စု၊ ကော်ဖီနည်းပညာ ဖွံ့ဖြိုးရေးခြံ(နတ်ရေကန်)ရုံးခန်း၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးဝင်းမော်ဌေးက အဖွင့်အမှာစကား ပြောကြားပြီး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လွင်နှင့် ကော်ဖီနည်းပညာဖွံ့ဖြိုးရေးခြံတာဝန်ခံ ဦးဇော်သိန်း က ကော်ဖီခြံ၏ သမိုင်းကြောင်းနှင့်တောင်ပေါ်ဒေသ ကော်ဖီစိုက်ပျိုးနိုင်မှု၊ ထုတ်လုပ်ရောင်းချနိုင်မှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ရွာငံမြို့နယ် ဉာဏ်ကြီးရှင်ကုမ္ပဏီမှ တာဝန်ခံဦးငွေထွန်း က ကော်ဖီစိုက်တောင်သူများအား ကော်ဖီပျိုးပင်များ ထောက်ပံ့ပေးရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တက်ရောက်လာသော ကော်ဖီစိုက်ပျိုး ထုတ်လုပ်သူ အစုအဖွဲ့အတွက် ကော်ဖီသီးခွံချွတ်စက် (၁)လုံး၊ ကော်ဖီမျိုးစေ့(၁၀)ကီလို၊ ကော်ဖီပျိုးပင်(၁၀ဝ၀ဝ)နှင့် အရိပ်ရ မျောက်ငိုပင် (၁၀ဝ၀ဝ)ကို သက်ဆိုင်ရာတာဝန်ရှိသူများက ပေးအပ်ခဲ့ကြပြီး ကော်ဖီစိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP) စာအုပ်များဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မယု(ငဖဲ)


