မိုးညှင်း  ၂၅   ဇွန်

 

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်၊ ပင့်သာစံပြကျေးရွာတွင် စိန်မင်းသနပ်ခါးပင်များ စိုက်ပျိုး အောင်မြင်ဖြစ်ထွန်း လျက်ရှိကြောင်း အဆိုပါကျေးရွာရှိ သနပ်ခါးခြံပိုင်ရှင် ဦးဝင်းနိုင်ထံမှ သိရသည်။

 

သနပ်ခါးပင်စိုက်ပျိုးမှုကို မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများတွင် အများအပြားမြင်တွေ့ ရသော်လည်း တောင်ပေါ် ဒေသဖြစ်သည့် မိုးညှင်းမြို့တွင် သနပ်ခါးစိုက်ပျိုးမှု မရှိသလောက်နည်းပါးကြောင်းနှင့် ကိုယ်တိုင်စမ်းသပ်စိုက်ပျိုးပြီး လက်ရှိအောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်းကို သနပ်ခါးခြံပိုင်ရှင် ဦးဝင်နိုင်က “ဒီမှာကကျွန်တော် အရင်ဆုံးစမ်းသပ်စိုက်ပျိုးခဲ့တယ်၊အခုဆို ၅ နှစ်လောက် ရှိသွားပြီ၊ အဆင်ပြေတယ်စိုက်လို့ အဓိကဒေသနဲ့ ကိုက်ညီမဲ့ ဒီစိန်မင်းမျိုးကို ရွေးချယ်စိုက်ပျိုးခဲ့လို့ အခုလို အောင်မြင်သွားတာဟု ပြောကြားသည်။

 

ဦးဝင်းနိုင်၏ စိန်မင်း သနပ်ခါးခြံသည် ၁ ဧကနီးနီး ကျယ်ဝန်းပြီး အပင်ရေ ၅၀ဝ ကို စိုက်ပျိုးထားရှိပြီး သက်တမ်းအားဖြင့် (၅) နှစ်ခန့်ရှိပြီဖြစ်ကြောင်းနှင့်သက်တမ်း(၇)နှစ်တွင် စတင်ခုတ်ရောင်း သွားမည ်ဖြစ်ကြောင်း ပြောကြားသည်။

 

ဒေသတွင်းလက်ရှိ စိုက်ပျိုးမှုအခြေအနေနှင့် ပတ်သက်၍လည်း ဦးဝင်းနိုင်က “အခုတော့ ကျွန်တော်ပထမဆုံး စိုက်ပျိုးထားတာ၊အခြားဘယ်သူမှ မစိုက်ကြသေးဘူး၊ စိုက်စေချင်တယ်၊ အများကြီး စိုက်တော့ အသင်းအဖွဲ့တွေဖွဲ့လို့ ရတာပေါ့၊ စိုက်ရင်တော့ ရာနှုန်းပြည့်ဖြစ်နိုင်တယ်၊ အဓိကရေမဝပ်တဲ့ ကုန်းတွေပေါ်စိုက်ရင် ဖြစ်နိုင်တယ်၊ တကယ်လို့ စိုက်မယ်ဆိုရင် နည်းပညာနဲ့ ပျိုးပင်ပေါက်တွေ ကူညီပေးမယ်ဟု ပြောကြားခဲ့သည်။

           

  ကျော်ကျော်ထွေး(မိုးညှင်း)