မန္တလေး  ၁၇  မတ် 


မြန်မာနိုင်ငံအထက်အညာဒေသရှိ ကျော်လေးကျော်ဟု ထင်ရှားကျော်ကြားသော ဘုရားစေတီတော်များအနက် မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကျေးရွာရှိ တန်ခိုးကြီးဆုတောင်းပြည့်သစ္စာအဓိဌာန်အောင် ရွှေစာရံစေတီတော်သည်လည်း တစ်ဆူ အပါအဝင် ဖြစ်သည်။ စေတီ၏ အနောက်ကပ်လျက်တွင် တည်ရှိသော ဖိုးကုလားစေတီနှင့် ဖိုးပေါ်စေတီရှိ နံရံဆေးရေးပန်းချီ တို့သည်လည်း အမပူရခေတ်ပန်းချီလက်ရာကို ဖော်ပြနေသကဲ့သို့ သမိုင်းဝင်မြန်မာ့ပန်းချီပြကွက်များ၊ ဘုရားအနီးချောင်း ပတ်ဝန်းကျင်နေရာသည်လည်း ကျောက်ခေတ်ထွန်းကားရာဒေသ(Neolithic Site) ကျောက်လက်နက်များ စုဝေးတွေ့ရှိရာ ဒေသအဖြစ် တည်ရှိခဲ့ပြီး ယဉ်ကျေးမှုသမိုင်းစာမျက်နှာဝင်နေရာတစ်ခု ဖြစ်သည်။ ခင်ပွန်းသည်၏ အထင်လွဲမှားမှုကြောင့် စိတ်သောကဖြင့် မိမိ နေရပ်သို့ ပြန်ချိန်တွင်ပင် မိမိပန်ဆင်ထားသည့် နားဋောင်းပြုတ်ကျ၍ နားဋောင်းကျသောနေရာကိုအကြောင်းပြု၍ ဘုရားတည်ခဲ့သည်။

 

ဘာသာတရားကို အလေးထား၍ကြည်ညိုကိုင်းရှိုင်းသောမိဘုရားစောမွန်လှ၏ ကုသိုလ်ကောင်းမှုပြုခဲ့ပုံ၊ တည်ထားခဲ့သော စေတီတော်မှာလည်း သမိုင်းတွင် ယနေ့တိုင်ထင်ရှားကျော်ကြားလျက်ရှိသည်ဟု မှတ်တမ်းများက ဖော်နေကြသည်။


ရွှေစာရံပွဲတော်ကို နှစ်စဉ်နှစ်တိုင်းတပေါင်းလပြည့်နေ့မှ လပြည့်ကျော် ၉ ရက်နေ့အထိ ကျင်းပရာ အနီးပတ်ဝန်း ကျင်ရှမ်းကုန်း မြေမြင့်မှ ရှမ်းများ၊ အညာဒေသမှပြည်သူပြည်သားများ ၊ အမြို့မြို့အနယ်နယ်မှလာရောက်ကြသူ များဖြင့်အထူးစည်ကားလှသော ရွှေစာရံ ပွဲတော်ကြီး ဖြစ်သည်။ ဘုရားပွဲတော်ရောက်တိုင်း ရှမ်းတောင်တန်း တောင်ခြေအနီး မြစ်ဘေးရှိ ရွှေစာရံဘုရားပွဲတော်လာ လူကြီး၊ လတ်၊ ငယ်အရွယ်စုံ စုပေါင်းတူပျော်ကာ မြန်မာတိုင်းရင်းသားတို့စုံညီစွာ ဆင်နွှဲကြသည့်ပွဲတော် ဖြစ်သည်။ ရွှေစာရံဘုရားပွဲတော်ကြီးအား အကြိုဖွင့်ပွဲအဖြစ် တပို့တွဲလပြည့်ကျော်၁၀ရက်နေ့မှလပြည့်ကျော် ၁၄ ရက်နေ့အထိ အသံမစဲ ပဋ္ဌာန်းပူဇော်ပွဲကျင်းပပြီး ထိုအချိန်မှစ၍ ဆိုင်ခန်းပေါင်း ၁၀ဝ၀ လာရောက်နေရာယူရောင်းချသဖြင့် စည်ကားနေလေ့ရှိပြီး ပွဲတော်ရက်အတွင်း တိုးမပေါက်အောင် ကြိတ်ကြိတ်တိုးနွှဲပျော်ကြသည့် ပွဲတော်ဓလေ့ဖြစ်သလို ဘုရားပွဲအောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် သံယာတော်အပါး ၁၈၀ အား ဆွမ်း ဆန်စိမ်းလောင်းလှူပွဲ ကျင်းပ၍ ဘုရားပွဲကိုပိတ်သိမ်းလေ့ရှိသည်။ ဘုရားပွဲတော်တွင် ဒေသအနီးအဝေးဝန်းကျင်မှ စားသောက်ကုန်၊ မြန်မာ့ချည်ထည်ဝတ်စုံ၊ အထည်အမျိုးမျိုးတို့ကို စည်ကားသိုက်မြိုက်စွာ လာရောက်လှည့်လည်ရောင်းချလေ့ရှိသည်။ ကျေးလက်ဒေသထွက်ကုန် သီးနှံများ၊ စားသောက်ကုန်များ၊ ဆေးဖက်ဝင်အပင်များ၊ အသုံးအဆောင် ပစ္စည်းတို့ကို လည်း ရောင်းချလျက်ရှိသည်။


ထို့အပြင်ရွှေစာရံဘုရားပွဲတော်တွင် အစဉ်အဆက် ရောင်းချသည့် ထန်းရွက်ကို မြန်မာမှုလက်ရာများဖြင့် ဖန်တီးထုတ်လုပ်ထားသည့် ပစ္စည်းများကို ပေါ်လွင်အောင် တေးဖွဲ့ဆိုထားသည်မှာ--- ''ကျွန်မတို့ အရွယ် လှဖို့ရယ် × အသက်မကြီးသေးပေါင် မောင်ရယ် × ထန်းရွက်ပုတီးလေးဆွဲလို့ × ရွှေစာရံကို အရောက်သွားလို့လည် ×××× '' တဲ့ မောင်ယဉ်အောင်ရဲ့ ကိုးဆယ်ဆ သာလိမ့်မယ်ရုပ်ရှင်ဇာတ်ကားတွင်လည်းပါဝင်သီဆို ထားပါသည်။ သီချင်းထဲတွင် ထန်းရွက်ပုတီး သည် ရွှေစာရံပွဲတော်၏ သင်္ကေတ ဖြစ်သည်။ ဘုရားပွဲတွင် ရောင်းချသည့် ထန်းရွက်ပုတီးလက်မှုပညာရပ်များ မပျောက်ပျက်စေရန် ကျောက်ဆည်မြို့နယ်အတွင်းရှိ ညောင်ဝန်းကျေးရွာမှ ဘိုးစဉ်ဘောင်ဆက် လက်ဆင့်ကမ်း သင်ယူကာ ဖန်တီးထုတ်လုပ်၍ ထိန်းသိမ်းလျက်ရှိသည်။


ယခုအချိန်အခါတွင်ထန်းရွက် ပုတီးအပြင်၊ ထန်းရွက်ငါး၊ ထန်းရွက်ယပ်တောင်၊ ထန်းရွက်တံခွန်လုံး၊ ထန်းရွက်ငါးမကြီး စသည့် အရုပ်မျိုးစုံကို မျက်စိပသာဒဖြစ်အောင် ဖန်တီးပြုလုပ်ထားသည်မှာ စိတ်ဝင်စားဖွယ် ကောင်းလှပေသည်။ ထန်းရွက်ငါးများကိုပြုလုပ်ရာတွင် ကော်မပါ၊ သံမပါထန်းရွက်ကို ငါးဖြစ်အောင် ပြုလုပ်ထားပြီး ထန်းပင်မြစ်အူတိုင်ကို သမင်ရုပ်ထိုးခြင်းမြန်မာ့ ရိုးရာလက်မှုပညာကို မပျောက်ပျက်၊ မကွယ်ပျောက်အောင် ထိန်းသိမ်းထားပေသည်။ ဟိုယခင်က ရွှေစာရံဘုရား ဒုဋ္ဌဝတီမြစ်တွင် ငါးကြီးဆိပ်ဟူ၍ ငါးထွေ၊ ငါးရွေးကြီးများ ဘုရားဖူးလာရာဆိပ်ကမ်းရှိခဲ့သည်။ နောက်ပိုင်းတွင် ဂျပန်ခေတ်အတွင်းမိုင်းတွေခွဲ၍ ရေဆိပ်သင့်မှုကြောင့်ပဲလိုလို၊ လူတွေတဝုန်းဝုန်းနှင့် ရေဆင်းကစားနေ၍ ပဲငါးတွေ မလာတော့သလိုလိုနှင့် ငါးတွေကိုမတွေ့ရသည်မှာ နှစ်ပေါင်း ၅၀ ခန့်ပင်ရှိပြီဖြစ်ကြောင်း သိရသည်။ ထိုငါးများကိုအစွဲပြု၍ ရွှေစာရံတွင် ထန်းရွက်ငါးရုပ်လှလှလေးများကို ကျောက်ဆည်နယ်ဘက်မှ ပြုလုပ်ရောင်းချကြသည်ဟုဆိုသဖြင့် ပေါရာဏတွေပြောတဲ့ ဝေါဟာရဟုပင် မှတ်ယူရတော့မည်။ ဘူးတစ်လုံးဆောင်အိုတောင် မဆင်းရဲဟူသော အဓိပ္ပါယ်ဖြင့် ဘူးခါးသီးလေးများကို ခြင်းယက်၍ လည်း ရောင်းချကြသည်။ တန်ဖိုးအားဖြင့် မများလှသော်လည်း ထန်းရွက်ယပ်တောင်၊ ထန်းရွက်ပုတီး၊ ထန်းရွက်ငါး၊ ထန်းရွက် အိတ်၊ ထန်းဖူး စသည့်ရွှေစာရံအထိမ်းအမှတ် ချစ်စရာပစ္စည်းလေးများကို ရွှေစာရံအပြန်လက်ဆောင်အဖြစ် လူတိုင်း တမြတ်တနိုး ဝတ်ဆင်သယ်ဆောင်ကြသည်။ 


ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူ- သီပေါဒေသတို့မှ မြစ်ဖျားခံစီးဆင်းလာသော ဒုဋ္ဌဝတီမြစ်သည် ရွှေစာရံဘုရား ပွဲတော်ကာလအတွင်း ရေတိမ်၍ သောင်ထွန်းပေသည်။ ၄င်းသောင်ပေါ်တွင် စားသောက်ဆိုင်များဖွင့်ကြ၊ ဒုဋ္ဌဝတီမြစ်ထဲတွင် လူငယ်များ ပျော်ကြပါးကြရေကစားကြနှင့် အကြိုသင်္ကြန်ရွှေစာရံဟူ၍ပင် ပြောစမှတ်ဖြစ်နေသည်။ 


အချုပ်အားဖြင့် ရွှေစာရံဘုရားပွဲတော်သည် ပွဲကြည့်၊ မုန့်စားပျော်ပါးရောက်ပြန်ဆိုသည့် သာမန်ဘုရားပွဲမျိုးမဟုတ်ဘဲ တောင်ပေါ်မြေပြန့်သားချင်းများစုံစည်းရာ ဘုရားဖူးရင်း ရောင်းဝယ်ဖောက်ကား ကြရာစိတ်ကူးယဉ်ကြည်နူးပျော်မြူးကြရာ ယဉ်ကျေးမှုအမွေအနှစ်ပွဲတော်အဖြစ်  ယခုနှစ်တွင်လည်း အထူးစည်ကားနေမည်ကို မြင်တွေ့နိုင်ကြတော့မည် ဖြစ်ပေသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)၊ ဓာတ်ပုံ- အောင်ဖြိုးကျော်

 

542583